IP and Copyright Laws in Myanmar

Myanmar Bloggers’ Society ရဲ့ (၅) နှစ်ပြည့် နှစ်ပတ်လည်ပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့မှာ နည်းပညာဟောပြောပွဲတွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲမတိုင်ခင် (၂) ပတ်လောက်ကတည်းက ကိုမင်းယွန်းသစ် က ကျွန်တော့်ကို Topic တစ်ခုလောက် ဝင်ပြောပေးဖို့ ပြောထားပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပွဲမှာ နည်းပညာဆန်လွန်းတဲ့   ကြောင်းအရာတွေမပြောဘဲ IT သမားအားလုံးနဲ့ ဆက်စပ်နိုင်တဲ့ Topic တစ်ခု ပြောမယ်လို့ စဉ်းစားခဲ့ပါတယ်။

ကိုမင်းယွန်းသစ် ကျွန်တော့်ကိုပြောတဲ့အချိန်က၊ ကျွန်တော်လက်ရှိတတ်နေတဲ့ တတိယနှစ်ဥပဒေ အတွက် Assignment တွေ ရေးနေတဲ့အချိန်ဖြစ်ပါတယ်။ Business Law အတွက် ရေးရမယ့်ခေါင်းစဉ်က Trademark နဲ့ ပတ်သက်နေပါတယ်။ အဲ့ဒီ Assignment အတွက် Textbook ထဲကစာတွေဖက်ရင်းနဲ့ IP နဲ့ ပတ်သက်တဲ့ ဥပဒေတွေအကြောင်း အထိုက်အလျောက် သိလာခဲ့ပါတယ်။ ဒီဥပဒေတွေဟာ အများပြောနေသလို  ခေတ်နဲ့အံမဝင်ဘဲ ခေတ်နောက်ကျနေသလား၊ နည်းပညာနယ်ပယ်မှာ အသုံးချလို့မရနိုင်ဘူးလား၊ ဥပဒေသမားတွေကပဲ နည်းပညာနားမလည်လို့ အံမဝင်ဖြစ်နေသလား စသဖြင့် စဉ်းစားဖြစ်ခဲ့ပါတယ်။ အဲ့ဒီလို စဉ်းစားနေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် “Copyright and Digital Data” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောမယ်လို့ စီစဉ်ဖြစ်ခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ Copyright Law တွေအနေနဲ့ Digital Data တွေကိုလည်း အကာအကွယ်ပေးနိုင်လောက်မယ့် အနေအထားတွေ ရှိတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဥပဒေသမားစစ်စစ်မဟုတ်သေးဘဲ ကောက်ချက်ဆွဲထားတွေဖြစ်လို့ အမှားပါမှာကို စိုးရိမ်မိတဲ့အတွက် တစ်ကယ်လက်တွေ့ပြောတဲ့အခါမှာ အဲ့ဒီကောက်ချက်တွေကို သိပ်အများကြီးမပြောဖြစ်ခဲ့ပါဘူး။ IP Law တွေနဲ့ Copyright Law တွေ ဒီလိုဒီလိုရှိတယ် ဆိုတဲ့သဘောကိုပဲ အဓိကထား ပြောဖြစ်ခဲ့ပါတယ်။

ဥပဒေနဲ့ဆက်ဆိုင်တဲ့အကြောင်းအရာတွေကို ဥ ပဒေသမားတွေလောက်သာ သိကြလေ့ရှိပြီး သာမန်လူတွေက မသိကြတာများပါတယ်။ အများသိထားသင့်တဲ့ အကြောင်းအရာလေးလို့ ယူဆတဲ့အတွက် Article တစ်ခုအနေနဲ့ ပြန်လည်ဖော်ပြလိုက်ပါတယ်။

Intellectual Properties

Intellectual Properties (IP) ဆိုတာ တီထွင်ဖန်တီးမှုအားလုံးကို ခေါ်တာဖြစ်ပါတယ်။ နည်းပညာဆိုင်ရာတီထွင်မှုတွေပါတယ်။ အနုပညာဆိုင်ရာ ဖန်တီးမှုတွေပါတယ်။ စီပွားရေးလုပ်ငန်းသုံး ထုတ်ကုန်အမှတ်တံဆိပ်တွေကနေ Parking နဲ့ Boxing Design လိုမျိုးတွေအထိ Intellectual Properties ထဲမှာ ပါ,ပါတယ်။ ဒီတီထွင်ဖန်တီးမှုတွေဟာ (ဒီဇိုင်းအိုင်ဒီယာတစ်ခုအနေနဲ့သာ ရှိနေပြီး) အကောင်အထည် တစ်ခုအနေနဲ့ ရှိချင်မှ ရှိနေပါမယ်။ ဒါပေမဲ့ အကောင်အထည်ထုထည်နဲ့ ရှိနေတဲ့ အိမ်၊ ကား စတဲ့အရာတွေလိုပဲ၊ လူသားတွေရဲ့ ပိုင်ဆိုင်မှုတစ်ခုအနေနဲ့ ပိုင်ဆိုင်နိုင်ခွင့်ရှိတဲ့အရာတွေ ဖြစ်တဲ့အတွက် Property လို့ခေါ်တာပါ။

တီထွင်ဖန်တီးမှုဆိုင်ရာ IP တွေကို ပိုင်ဆိုင်ခွင့်အတွက် အကာအကွယ်ပေးထားတဲ့ ဥပဒေတွေရှိပါတယ်။ အဲ့ဒါတွေကတော့ -

  • Trademark Law
  • Patent Law
  • Copyright Law
  • Industrial Design Law

စတာတွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အများအားဖြင့် စိတ်ဝင်စားကြတဲ့ Trademark, Copyright, Patent စတာတွေဟာ Intellectual Property Law အောက်က ဘာသာရပ် အခွဲတွေဖြစ်ပါတယ်။

Concerns

Intellectual Property Law တွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့စိတ်ဝင်စား ဒွိဟပွားကြတဲ့အချက်လေးတွေ ရှိပါတယ်။ အဲ့ဒီထဲက အချို့ကတော့ -

  1. မြန်မာနိုင်ငံမှာ နိုင်ငံတကာ မှာရှိနေသလို IP Law တွေ မရှိဘူးလို့ပြောတယ်၊ အဲဒါအမှန်ပဲလား?
  2. စာအုပ်စာပေလောကမှာ Copyright ဆိုတာ ရှိပြီးအလုပ်ဖြစ်နေပုံရတယ်၊ ကနေ့ခေတ် Digital Data တွေကို အကာအကွယ်ပေးနိုင်မယ့် Copyright Law တွေ မြန်မာနိုင်ငံမှာ မရှိဘူးလား?
  3. ကနေ့ခေတ်က Globalization ခေတ်တယ်။ ကိုယ်ဖန်တီးထားတဲ့ ဖန်တီးမှုတွေက အင်တာနက်ပေါ်မှာရောက်နေနိုင်တယ်။ ကိုယ့်ရဲ့ ဖန်တီးမှု တွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Copyright Protection လုပ်ချင်ရင် ဘယ်လိုလုပ်ရမလဲ?

စသဖြင့် ဒွိဟပွားစိတ်ဝင်စားကြ လေ့ ရှိပါတယ်။

Existing Laws Relating to IP in Myanmar

မြန်မာနိုင်ငံမှာ လက်ရှိ ပြဌာန်းထားပြီး လိုက်နာကျင့်သုံးနေတဲ့ ဥပဒေတွေထဲမှာ IP နဲ့ ပတ်သက်တဲ့ ဥပဒေတွေရှိပါတယ်။ အဲ့ဒါတွေကတော့ -

  • The Penal Code
  • The Myanmar Merchandises Marks Act
  • The Registration Act
  • The Specific Relief Act
  • The Myanmar Patents and Design (Emergency Provisions) Act, 1946
  • The Myanmar Copyright Act

စတာတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဗြိတိသျှကိုလိုနီအဖြစ် နှစ်ပေါင်း (၁၀၀) လောက် နေခဲ့ရတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီဖြစ်တဲ့အတွက် ဗြိတိသျှဥပဒေတွေကို ဆက်ခံကျင့်သုံးခဲ့ပါတယ်။ အမှန်တော့ English Law ဆိုတာ ကမ္ဘာမှာ စံထားသုံးနေရတဲ့ ဥပဒေတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးတော့ ကိုလိုနီခေတ် နှစ်ပေါင်း (၁၀၀) လောက်အတွင်းမှာလည်း မျက်ခြေမပျက် ပြုပြင်တိုးချဲ့လာခဲ့လို့ မြန်မာနိုင်ငံမှာ အသုံးပြုခဲ့တဲ့ဥပဒေတွေဟာ Modern Legal System ကို အမှီလိုက်နိုင်ခဲ့ပါတယ်။

ပြဿနာက နောက်ပိုင်းမှာ အဲ့ဒီ ဥပဒေတွေကို ဆက်လက်ပြုပြင်ခြင်း မပြုလုပ်နိုင်တော့တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့လာရတဲ့ ကျောင်းသုံး Text Book တွေထဲမှာကို အခုလို ဖော်ပြထားပါတယ်။

Its development was in concurrence with British and Indian legal circumstances then, and was not far left behind in the field of Intellectual Property. Enforcing the principles of IP rights in Myanmar of those periods looks very impressive. As time passed, those laws were not kept modified.

Trademark Laws in Myanmar

မြန်မာနိုင်ငံမှာ Trademark Right အတွက် သီးခြားအတည်ပြုပြဌာန်းထားတဲ့ ဥပ ဒေ မရှိပါဘူး။ တစ်နည်းအားဖြင့် ကုန်အမှတ်တံဆိပ်တစ်ခုကို အပြည့်အ၀ပိုင်ဆိုင်ခွင့်ရဖို့အတွက် မှတ်ပုံတင်ထားနိုင်မယ့်ဥပဒေ မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါကြောင့် Trademark နဲ့ပတ်သက်လာရင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အထွေထွေဥပဒေတွေကိုပဲ အခြေခံအားဖြင့် လိုက်နာရပါတယ်။

ဗြိတိသျှဥပဒေကို  အမွေဆက်ခံထားတဲ့ မြန်မာနိုင်ငံမှာ ဘာကြောင့် English Trademark Registration Act တွေကို ဆက်ခံမကျင့်သုံးခဲ့သလဲဆိုတာတော့ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေမှသာ နားလည်နိုင်မယ်ထင်ပါတယ်။ ကျွန်တော်အမြင်တော့ English Trademark Act တွေဟာ အဲ့ဒီအချိန်တုန်းက မြန်မာလူမျိုးတွေရဲ့ အမှတ်တံဆိပ်အပေါ်ထားတဲ့ သဘောထားအလေ့အထနဲ့ ကိုက်ညီမှုမရှိလို့ အသုံးမပြုခဲ့တာဖြစ်မယ်လို့ထင်ပါတယ်။

ဒီလိုတရားမကြောင်းအရ သတ်မှတ်ထားတဲ့ ပြဌာန်းချက်မရှိပေမဲ့ ၊ ပြစ်မှုဆိုင်ရာဥပ ဒေထဲမှာတော့ Trademark နဲ့ပတ်သက်တဲ့ ပုဒ်မတစ်ခု ရှိနေပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၇၈) မှာ Trademark နဲ့ပတ်သက်ပြီး အခုလို ဖွင့်ဆိုထားပါတယ်။

A mark used for denoting that goods are manufactured of marketed by a particular person.

ကုန်အမှတ်တံဆိပ်ဆိုတာ ကုန်ပစ္စည်းတစ်ခုကို အမှတ်အသားပြုတဲ့ တံဆိပ်အမှတ်အသားဖြစ်တယ်လို့ ဆိုထားပါတယ်။ တခြားတစ်ယောက်က ကူးယူချိုးဖောက်မယ်ဆိုရင် ကုန်အမှတ်တံဆိပ်ချိုးဖောက်မှုမဖြစ်ဘဲ၊ အတုပြုလိမ်လည်မှုဖြစ်ပြီး အမှုကြီးသွားနိုင်တဲ့သဘောမှာ ရှိပါတယ်။ ပြစ်ဒါဏ်က ထောင် (၃) နှစ်အထိဖြစ်နိုင်ပြီး ဒါဏ်ငွေလည်း ပေးရနိုင်ပါတယ်။ သီးခြား Trademark Right ပြဌာန်းထားတာမရှိဘူးဆိုပြီး ထင်ရာလုပ်လို့ကတော့ ပြဿနာတက်သွားပါမယ်။

ကုန်အမှတ်တံဆိပ်ဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါ ဒီပုဒ်မကဖွင့်ဆိုချက်ကို အခြေခံပြီး  ဖြေရှင်းလို့ရပါတယ်။ မြန်မာနိုင်ငံဟာ English Common Law လို့ခေါ်တဲ့ ရှေ့ကစီရင်ခဲ့ဖူးတဲ့ စီရင်ထုံးတွေကို ကိုးကားလေ့ရှိတဲ့ ဥပဒေစနစ်ကို အသုံးပြုတဲ့အတွက်၊ ဆိုင်ရာတရားသူကြီးတွေက ယခင်စီရင်ခဲ့တဲ့ စီရင်ထုံးတွေကို ကိုးကားပြီးတော့ ဆုံးဖြတ်မှာဖြစ်ပါတယ်။

နောက်တစ်ခု ကျန်ပါသေးတယ်။ မှတ်ပုံတင်အက်ဥပဒေရဲ့ လမ်းညွှန်ချက် (ဃ) မှာ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်လိုက တင်နိုင်တယ်လို့ ပါ,ပါတယ်။ ဒါပေမဲ့ ဒီလို မှတ်ပုံတင်ထားယုံသက်သက်နဲ့ ဒီအမှတ်တံဆိပ်ဟာ ကိုယ်ပိုင်ပါတယ်ဆိုတဲ့ အာမခံချက်ကို မရပါဘူး။ ဆိုလိုတာက ဒီလိုမှတ်ပုံတင်ထားလို့ ဒီလူပိုင်တယ်လို့ တရားရုံးက အသိအမှတ်ပြုမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အမှုအခင်းဖြစ်တဲ့အခါ ဒီအမှတ်တံဆိပ်ကို ဦးစွာပထမအသုံးပြုသူဖြစ်ကြောင်း ဥပဒေနဲ့အညီတရားဝင်မှတ်ပုံတင်ခဲ့ပါတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေခံတော့ ရနိုင်မှာဖြစ်ပါတယ်။

ကနေ့သတင်းစားတွေထဲမှာ ဒီအမှတ်တံဆိပ်ကတော့ ဘယ်သူကဘယ်လို မှတ်ပုံတင်ထားတဲ့အတွက် ချိုးဖောက်ရင် ဥပ ဒေအရ အရေးယူပါမယ် လို့ ကြေညာတာတွေလည်း တွေ့ဖူးမှာပါ။ မှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံတင်ပြီးနောက်မှာ ဒီလိုကြေညာကြလေ့ရှိပါတယ်။ ဒါလည်းပဲ မိမိသာလျှင် ဒီအမှတ်တံဆိပ်ကို ဦးစွာပထမ အသုံးပြုခဲ့သူဖြစ်ကြောင်း သက်သေခံချက်တစ်ခုရအောင် ကြေညာလိုက်တာဖြစ်ပါတယ်။ ဒါ မြန်မာနိုင်ငံမှာ Trademark တစ်ခု ရရှိဖို့အတွက် သုံးနေကြတဲ့ Practices တွေပဲဖြစ်ပါတယ်။

Patent Laws in Myanmar

Patent Laws ဆိုတာ နည်းပညာဆိုင်ရာ အသစ်တီထွင်မှုတွေကို ပိုင်ဆိုင်ခွင့်အနေနဲ့ အကာအကွယ်ပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်က အိန္ဒိယနဲ့တွဲပြီး အုပ်ချုပ်စဉ်က Indian Patent and Design Act, 1911 ကိုပဲ မြန်မာနိုင်ငံအတွက်လည်း အသုံးပြုခဲ့ပါတယ်။ အိန္ဒိယကနေ မြန်မာနိုင်ငံကို သီးခြားခွဲပြီး အုပ်ချုပ်တဲ့အခါမှာတော့ Burma’s Patents and Designs Act, 1939 ဆိုပြီး သီးခြားပြဌာန်းခဲ့ပါတယ်။ အဲ့ဒီဥပဒေ သက်တမ်းကုန်သွားတဲ့အခါ Burma’s Patents and Design Act, 1945 ဆိုပြီး ဆက်လက်ပြဌာန်းခဲ့ပေမယ့် အမှန်တကယ် အတည်ပြုအသုံးမပြုဖြစ်ခဲ့ပါဘူး။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဆိုပြီး စစ်အစိုးရအုပ်ချုပ်စဉ်မှာတော့ State Law and Order Restoration Council Law No. 4 of 1993 ဆိုပြီးထပ်မံပြဌာန်းခဲ့ပါသေးတယ်။ ဒါပေမဲ့ သူလည်း အတည်ပြုပြီးအသုံးမပြုဖြစ်ခဲ့ပါဘူး။ လက်ရှိအချိန်ထိ အတည်ပြုအသုံးပြုနေတာကတော့ Burma’s Patents and Designs (Emergency Provisions) Act, 1946 ဆိုတဲ့ ဥပဒေပဲဖြစ်ပါတယ်။ အဲ့ဒီဥပ ဒေမှာ ပုဒ်မ (၂) ခုပဲပါပြီး Indian Patent and Design Act, 1911 ကိုပဲ ပြန်ညွှန်းထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ Indian ဥပ ဒေက လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ Law စာအုပ်တွေထဲမှာ မရှိတော့သလောက် ပျောက်ကွယ်နေပြီး အသစ်ပြဌာန်းဖို့ လုံး၀လိုအပ်နေတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ Patent အတွက် ပြဌာန်းချက်တွေရှိသော်ငြားလည်း လက်ရှိအတည်ပြုအသုံးပြုနေတဲ့ ဥပဒေ မရှိဘူးလို့ပဲပြောရပါမယ်။

Copyright Laws in Myanmar


Copyright ဆိုတာ မူလဖန်တီးမှု (original) ဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာနဲ့ပတ်သက်တဲ့ ဖန်တီးမှုတွေကို ကာကွယ်ပေးတဲ့ ဥပဒေဖြစ်ပါတယ်။ Copyright ကို Author’s Right လို့လည်း ခေါ်ကြလေ့ရှိပါတယ်။ ဖန်တီးသူ Author ရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးထားတဲ့ သဘောဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအတည်ဖြစ်ပြီး အသုံးပြုနေတာကတော့ ၁၉၁၄ ခုနှစ်မှာ ပြဌာန်းထားတဲ့ Myanmar Copyright Act ဖြစ်ပါတယ်။ အမှန်တော့ အဲဒီပြဌာန်းချက်က Copyright Act, 1911 of United Kingdom of Great Britain and Ireland ကို မြန်မာနိုင်ငံနဲ့ လျော်ညီအောင် ဖြည့်စွက်ပြင်ဆင်ချက်ပုဒ်မ (၁၃) ခု ထပ်ဖြည့်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ အဲ့ဒီ ဥပဒေရဲ့ ပုဒ်မ (၁) အပိုင်း (၁) မှာ Copyright ကို အခုလို အဓိပ္ပါယ်ဖွင့်ထားပါတယ်။

Copyright shall subsist for the term hereinafter mentioned in every original literary, dramatic, musical and artistic work [..] this Act is extended by notification by the President of the Union to foreign countries.

ဆက်လက်ပြီး ပုဒ်မ(၁) အပိုင်း (၂) မှာ Copyright ပိုင်ရှင်ရဲ့ ရပိုင်ခွင့်တွေကို ဖော်ပြထားပါတယ်။ အဲ့ဒီရပိုင်ခွင့်တွေကို မဖော်ပြခင် Copyright ဘယ်လိုရနိုင်သလဲဆိုတာကို ဖော်ပြချင်ပါတယ်။

Ownership of Copyright

အခြေခံအားဖြင့် ဖန်တီးမှုတစ်ခုရဲ့ မူလဖန်တီးရှင်သာလျှင် ပထမဦးဆုံး Copyright ပိုင်ရှင်ဖြစ်ပါတယ်။ လက်တွေ့နယ်ပယ်အတွက်တော့ ခြွင်းချက်အချို့ရှိပါတယ်။ ဥပမာ – ဓါတ်ပုံနဲ့ ပန်းချီလိုကိစ္စမျိုးမှာ တစ်ဦးတစ်ယောက်က အပ်နှံလို့ ရိုက်ပေးရတဲ့ ဓါတ်ပုံ၊ အပ်နှံလို့ ဆွဲပေးရတဲ့ ပန်းချီပုံ ကို ဘယ်သူက Copyright ပိုင်မှာလဲဆိုတဲ့ ပြဿနာမျိုး ရှိတတ်ပါတယ်။ အဲ့ဒီလိုအခြေအနေအတွက် ဥပ ဒေက သတ်မှတ်ထားတာကတော့ – သီးခြားသဘောတူညီမှုတစ်ခု ကြိုတင်မထားရှိရင် အပ်နှံသူကသာ Copyright ပိုင်ရှင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

The person by who such plate or other original work was ordered shall, in the absence of any agreement to the contrary, be the first owner of the copyright.

ဒီလိုကိစ္စမျိုးက အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားထဲမှာလည်း ရှိတတ်ပါတယ်။ အလုပ်တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ Employee တစ်ယောက်ရဲ့ ဖန်တီးမှုကို ဘယ်သူပိုင်သလဲ မေးစရာရှိပါတယ်။ သဘာ၀အရ အလုပ်ရှင်ကပိုင်ပေမဲ့ ဥပ ဒေအရ မူလဖန်တီးရှင်ဖြစ်တဲ့ အလုပ်သမားက ပိုင်နေပါတယ်။ မျိုးမှာလည်း ဥပ  ဒေက အလားတူပဲ သတ်မှတ်ထားပါတယ်။ သီးခြားသဘောတူညီမှုတစ်ခု ကြိုတင်မရှိထားရင် အလုပ်ရှင်ကသာ Copyright ပိုင်ရှင်ဖြစ်ပါတယ်။

မှတ်ချက် ။ ။ MBS Anniversary မှာပြောတုန်းက သီးခြား သဘောတူညီချက်မရှိထားရင် ဓါတ်ပုံဆရာ၊ ပန်းချီဆရာ၊ အလုပ်သမားကသာ Copyright ပိုင်ရှင်ဖြစ်တယ်လို့ မှားယွင်းပြောခဲ့မိပါတယ်။

ကိုယ်ပိုင်ဖြစ်တဲ့ မူလဖန်တီးမှုတစ်ခုကို စတင်လိုက်ကတည်းက Copyright ပိုင်ရှင်ကို အလိုအလျောက်သတ်မှတ်ပြီးဖြစ်လို့ အကြမ်းဖျင်းအားဖြင့်တော့ မိမိသာလျှင် Copyright ပိုင်ရှင်ဖြစ်ကြောင်း အတည်ဖြစ်ဖို့ မှတ်ပုံတင်နေစရာ၊ လက်မှတ်ရေးထိုးနေစရာမလိုပါဘူး။ မှတ်ပုံတင်မှ၊ လက်မှတ်ထိုးထားမှ Copyright ပိုင်ရှင်ဖြစ်တာမဟုတ်ပါဘူး၊ “စ” ဖန်တီးလိုက်ကတည်းက Copyright ပိုင်ရှင်ဖြစ်ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ Copyright Act ရဲ့ ပုဒ်မ (၆) အပိုင်း (၃) မှာ Copyright ပိုင်ရှင်မည်သူဖြစ်ကြောင်း တစ်စုံတစ်ရာအငြင်းပွားစရာရှိလာတဲ့အခါ မူလဖန်တီးမှုမှာ ရေးထိုးထားတဲ့ နာမည်ကိုကြည့်ရမယ့်လို့ သတ်မှတ်ထားပါတယ်။ ဖန်တီးသူရဲ့ အမည်ရင်း (သို့မဟုတ်) အများအသိအမှတ်ပြုထားတဲ့အမည်ကို “မိမိသာလျှင် Copyright ပိုင်ရှင်ဖြစ်ကြောင်း သိသာစေလိုတဲ့ရည်ရွယ်ချက်နဲ့” ထည့်သွင်းထားရင် ဒါကို Copyright ပိုင်ရှင်ဖြစ်ကြောင်း သက်သေခံချက်တစ်ခု အဖြစ် အသိအမှတ်ပြုပါတယ်။ အကယ်၍ Copyright ပိုင်ရှင်က ဖန်တီးသူကိုယ်တိုင်မဟုတ်ဘူး (ဥပမာ – ထုတ်ဝေသူ) ဆိုရင်လည်း အဲ့ဒီအချက်ကို ထင်ရှားအောင် ထည့်သွင်းဖော်ပြထားရင် Copyright ပိုင်ရှင်ဖြစ်ကြောင်း အသိအမှတ်ပြုပါတယ်။

ကျွန်တော့်အနေနဲ့ နေရာတကာ နာမည်လိုက်ထည့်တာတွေကို ကြည့်မရပါဘူး။ ဥပမာ – အသုဘယပ်တောင်ဆိုရင် သေတာက ဘယ်သူမှန်းမသိအောင်ကို ယပ်တောင်လုပ်ငန်းနာမည်က သေသူအမည်ထက် ပိုကြီးနေတက်ပါတယ်။ ဒါပေမဲ့ ဥပဒေအရတော့ ဖန်တီးမှုတွေမှာ ကိုယ့်အမည်တပ်ထားရင် Copyright ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလို့ အလေ့အကျင့်လုပ်ပြီး အမည်တပ်သင့်ပါတယ်။ တချို့ကိစ္စတွေမှာတော့ ရှေ့နေရှေ့ရပ်တွေရဲ့ အကြံဉာဏ်ကို ယူသင့်ပါတယ်။ သူတို့ကမှ နာမည်ဘယ်လိုတပ်မှ၊ ရက်စွဲဘယ်လိုတပ်မှ ပိုပြီးခိုင်မာတယ်ဆိုတာကို (အတွေ့အကြုံအရ) ပိုသိကြပါတယ်။

Rights of Copyright Owner

Copyright Owner အနေနဲ့ ရရှိတဲ့ အခွင့်အရေးတွေကတော့ မူလဖန်တီးမှုနဲ့ အဆိုပါဖန်တီးမှုရဲ့ ဘာသာပြန်တွေကို ရောင်းချခွင့်၊ ထုတ်ဝေခွင့်၊ ဖြန့်ဖြူးခွင့်ကို တစ်ဦးတည်းမူပိုင် ရရှိပါတယ်။ အချို့သော ကိစ္စတွေမှာ Convert ပြုလုပ်ခွင့်ကိုလည်း တစ်ဦးတည်းမူပိုင် ရရှိပါတယ်။ Convert လုပ်တယ်ဆိုတာ စာကို ရုပ်ရှင်ပြောင်းတာ၊ ပြဇာတ်ကို စာပြောင်းတာမျိုးကို ပြောတာပါ။

Copyright Infringement

ဘယ်လိုအပြုအမူမျိုးဟာ Copyright ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဥပဒေမှာ စာရင်းပြုစုဖော်ပြထားပေမဲ့၊ လိုရင်းကတော့၊ Copyright ပိုင်ရှင်ရဲ့ သဘောဆန္ဒမပါဘဲ လုပ်သမျှအပြုအမူတိုင်းဟာ Copyright ချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်။ မိမိအကျိုးအတွက်လုပ်မှ Copyright ချိုးဖောက်တာမဟုတ်ပါဘူး။ မူပိုင်ခွင့်ပိုင်ရှင်ရဲ့ သဘောမပါရင် ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ ခြွင်းချက်အချို့တော့ ရှိပါတယ်။ အဲ့ဒါတွေကတော့ -

တစ်ကိုယ်ရည်လေ့လာမှုအတွက် အသုံးပြုရင် (Private Study)၊ သုတေသနပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ အသုံးပြုရင် (Research)၊ ဝေဖန်ဆန်းစစ် ဖိုအတွက် အသုံးပြုရင် (Criticism, Review)၊ သတင်းစာ၊ ဂျာနယ်မှာ Summary အဖြစ် Quote အဖြစ်ဖော်ပြရင် Copyright ချိုးဖောက်ခြင်းမဟုတ်ဘူး (Fair Use) လို့ သတ်မှတ်ထားပါတယ်။

Seminar လို့ Public မှာပြောတဲ့အကြောင်းအရာတွေကို သတင်းစာဂျာနယ်မှာ ပြန်လည်ဖော်ပြတာ Copyright ချိုးဖောက်တာမဟုတ်ဘူးလို့လည်း သတ်မှတ်ထားပါတယ်။ မဖော်ပြစေချင်လို့ ပြောတဲ့သူက မိမိသဘောတူညီချက်မပါဘဲ မဖော်ပြရလို့ ခန်းမဝင်ပေါက်တို့၊ ဖိတ်စာတို့မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားရင်တော့ ဖော်ပြခွင့် မရှိပါဘူး။

မူလဖန်တီးရှင် Author က Copyright ပိုင်ရှင်မဟုတ်တဲ့အခြေအနေမျိုးမှာ၊ Author က နောက်ထပ် ဖန်တီးမှုတစ်ခုကိုပြုလုပ်ဖို့ အရင်ဖန်တီးမှုမှာ သုံးခဲ့တဲ့ Model, Plan, Sketch စတဲ့ Resource တွေကို ပြန်သုံးခွင့်ရှိပါတယ်။ ဒါပေမဲ့ နောက်ထပ်ပြုလုပ်တဲ့ ဖန်တီးမှုက သူများ Copyright ဖြစ်နေပြီဖြစ်တဲ့ အရင်ဖန်တီးမှုနဲ့တော့ အတိအကျမတူရဘူးလို့ သတ်မှတ်ထားပါတယ်။

တခြား အသေးစိတ်ခြွင်းချက်တွေလည်း ရှိပါသေးတယ်။ သူများဆွဲထားတဲ့ ပန်းချီပုံကို ဓါတ်ပုံရိုက်ယူပြီး အဲ့ဒီဓါတ်ပုံက ဓါတ်ပုံဆရာရဲ့ Copyright လားဆိုတဲ့ ကိစ္စမျိုးတွေကို ဖြေရှင်းဖို့အတွက် သတ်မှတ်ချက်အဆင့်ဆင့်တွေနဲ့ ထည့်သွင်းပြဌာန်းထားပါတယ်။

Civil Remedies for Copyright Infringement

Copyright Act ရဲ့ ပုဒ်မ (၇) မှာ Copyright ချိုးဖောက်ပြီး ထုတ်လုပ် ဖြန့်ဝေထားတဲ့ Copy နဲ့ ဆက်စပ်ပစ္စည်း တွေကို Copyright ပိုင်ရှင်က ဥပဒေနဲ့အညီ သိမ်းယူခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ပုဒ်မ (၈) မှာတော့ Copyright ပိုင်ရှင်ရှိမှန်းမသိတဲ့အတွက် Copy ကို ဖြန့်ဝေမိကြောင်း ခိုင်မာအောင်သက်သေပြနိုင်ရင်တော့ တားမြစ်ခြင်း၊ သိမ်းယူခြင်းထက်၊ သင့်တော်တဲ့လျော်ကြေး ကိုသာ Copyright ပိုင်ရှင်ကတောင်းယူရမယ်လို့ ဖော်ပြထားပါတယ်။ ဥပဒေရဲ့ ထုံးစံအတိုင်း အခြားအသေးစိတ် ပြဌာန်းချက်တွေ ရှိပါသေးတယ်။

ကန့်သတ်ချက်တစ်ခုကို ပုဒ်မ (၁၀) မှာ ဖော်ပြထားပါတယ်။ Copyright ချိုးဖောက်မှုနဲ့ စွဲချက်တင်ချင်ရင် (၃) နှစ်အတွင်းမှာ တင်ရမယ်လို့ကန့်သတ်ထားပါတယ်။

Copyright ချိုးဖောက်မှုပြဿနာတွေကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖြေရှင်းပေးဖို့ ဖွဲစည်းထားတဲ့အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဥပမာ – ရုပ်ရှင်အစည်းအရုံးတို့၊ စာပေနဲ့စာနယ်ဇင်းအဖွဲ့တို့လို အဖွဲ့အစည်းတွေကကူညီညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါတယ်။ ပြီးသော သက်ဆိုင်ရာအထူးပြု ဥပဒေတွေလည်း ရှိပါသေးတယ်။ ဥပမာ – The Television and Video Law လို ဥပဒေမျိုးက ဆိုင်ရာကဏ္ဍအတွက် ပြစ်ဒါဏ်တစ်ခုချင်းစီကို အသေးစိတ် သီးခြားပြဌာန်းထားပါတယ်။

Terms of Copyright

Copyright အတွက် မူပိုင်ခွင့်က သက်တမ်းရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် Author ပိုင်ရှင်သေပြီး နှစ် (၅၀) ကြာရင် သက်တမ်းကုန်ပါတယ်။

တချို့ဖန်တီးမှုတွေကို နှစ်ယောက် (သို့မဟုတ်) အများ ပူးပေါင်းဖန်တီးထားမျိုး ရှိနိုင်ပါတယ်။ အဲ့ဒီလိုကိစ္စမျိုးမှာဆိုရင် Author တွေထဲက ပထမဦးဆုံးသေးဆုံးသူ သေဆုံးပြီး နှစ် (၅၀) ကြာရင် သက်တမ်းကုန်ပါတယ်။ ဒါမှမဟုတ် ပထမဦးဆုံးသေးဆုံးသူ သေဆုံးပြီး နှစ် (၅၀) ကြာတဲ့အထိ အခြား Author တစ်ဦးသက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင် အဲ့ဒီလူ သက်ရှိထင်ရှားရှိနေသမျှ Copyright သက်တမ်း ဆက်လက်ကျန်ရှိပါတယ်။

အချို့သောဖန်တီးမှုတွေမှာ အစိုးရက Copyright ပိုင်ရှင်ဖြစ်နေတက်ပါတယ်။ အဲ့ဒီလိုကိစ္စမျိုးမှာ စတင်ထုတ်ဝေ တဲ့အချိန်ကစပြီး နှစ် (၅၀) ကြာရင် သက်တမ်းကုန်ပါတယ်။ ဓါတ်ပုံလည်းအတူတူပါပဲ၊ ဖလင်ထွက်လာတဲ့အချိန်ကနေ နှစ် (၅၀) ကြာရင် သက်တမ်းကုန်ပါတယ်။

Worldwide Copyright Protection

ဖန်တီးမှုတစ်ခုကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အကာအကွယ်ပေးနိုင်မယ့် International Copyright လိုဟာမျိုးက အမှန်တော့ မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုကိစ္စမျိုးတွေအတွက် ကမ္ဘာ့အဖွဲအစည်းတွေနဲ့ အစိုးရတွေက Convention တွေ ကျင်းပပြီး သဘောတူညီမှုစာချုပ်တွေ ချုပ်ဆိုခဲ့ကြပါတယ်။

IP နဲ့ပတ်သက်ပြီး ပထမဦးဆုံး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့တာကတော့ (၁၉၈၆) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ Berne မြို့မှာ ကျင်းပခဲ့တဲ့ “Berne Convention for the Protection of Literary and Artistic Works” ပဲဖြစ်ပါတယ်။ အဲ့ဒီ Convention က အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သတ်မှတ်ထားတဲ့ Copyright စံတွေကို အညီအညွတ်လိုက်နာပြီး အပြန်အလှန် အသိအမှတ်ပြုကြဖို့ တာဝန်ရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ World Trade Organization (WTO) ရဲ့ Founder Member ဖြစ်ပြီး စတင်တည်ထောင်ခဲ့တဲ့ (၁၉၉၅) ခုနှစ်ကတည်းက အဖွဲ့ဝင်နိုင်ငံဖြစ်နေခဲ့တာဖြစ်ပါတယ်။ ပြီးတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တယ် ဆိုတာလည်း အားလုံးအသိဖြစ်ပါတယ်။ ဒီလိုနိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်ဖြစ်တာနဲ့အညီ အဲ့ဒီအဖွဲအစည်းတွေက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်စံညွှန်းတွေ ပြည့်မှီအောင် လိုက်နာရမယ့် တာဝန်ရှိပါတယ်။

World Intellectual Property Organization (WIPO) နဲ့ WTO တို့ချုပ်ဆိုထားတဲ့ Trade Related aspects of Intellectual Property rights (TRIPs Agreement) ဆိုတာရှိပါတယ်။ မြန်မာနိုင်ငံက WTO အဖွဲ့ဝင်နိုင်ငံဖြစ်လို့ အဲ့ဒီသဘောတူညီချက်က သတ်မှတ်ထားတဲ့ နိုင်ငံတကာ IP Law စံကို လိုက်နာပြီး အကောင်အထည်ဖော်ဖို့ တာဝန်ရှိပါတယ်။ ပြီးတော့ အာဆီယံက သတ်မှတ်ထားတဲ့ ASEAN Framework Agreement on IP ဆိုတာလည်း ရှိပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဆိုင်ရာအဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ ပြည့်မှီတဲ့ IP Law တွေပေါ်ပေါက်လာဖို့ ဆောင်ရွက် နေတယ်ဆိုတဲ့ သတင်းတွေကို အားလုံးလည်း ကြားသိပြီးဖြစ်မှာပါ။

ဒီနေရာမှာ တစ်ခုသတိချပ်စေလိုတာက IP Law တွေမရှိလို့ အခုမှစဆွဲနေတာမဟုတ်ပါဘူး။ သက်ဆိုင်ရာစံညွှန်းမှီပြီး နိုင်ငံတကာ က အသိအမှတ်ပြုတဲ့ Law တွေဖြစ်လာဖို့ ပြင်ဆင်ရေးဆွဲနေတာသာဖြစ်ပါတယ။ စောစောကပြောခဲ့တဲ့ မိမိတို့ဖန်တီးမှုတွေအတွက် နိုင်ငံတကာ အဆင့်မှာ အကာအကွယ်ရဖို့ဆိုတာ အဲ့ဒီ ဥပဒေတွေ ပေါ်ပေါက်လာတဲ့အခါ ပိုမိုခိုင်မာစွာ ရရှိသွားပါလိမ့်မယ်။

ဒါဆိုရင်အခုရော အကာအကွယ်မရဘူးလားလို့ မေးစရာရှိပါတယ်။ တလောက အင်တာနက်မှတွေ့လိုက်တဲ့ Copyright ပြဿနာတစ်ခုမှာ ဩစတြေးလျဥပဒေမှာ ဒီလိုလုပ်လို့ရတယ်ဆိုလို လုပ်တယ်ဆိုပြီး နိုင်ငံကွာသွားတာကို အခွင့်ကောင်းယူပြောတာမျိုးတစ်ခုကို တွေ့လိုက်မိပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ ဥ ပဒေတွေရဲ့ သဘောကို အကြမ်းဖျင်းဖော်ပြချင်ပါတယ်။

International Laws

နိုင်ငံတကာ ဥပဒေနှစ်မျိုးရှိပါတယ်။ Public International Law နဲ့ Private International Law ဆိုပြီးနှစ်မျိုးရှိပါတယ်။

Public International Law က ကျွန်တော်တို့လို Individual တွေနဲ့မဆိုင်ပါဘူး။ နိုင်ငံအချင်းချင်း အငြင်းပွားမှုတွေဖြစ်တဲ့အခါ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) တို့ဘာတို့က အသုံးပြုတဲ့ ဥပဒေထုံးစံတွေဖြစ်ပါတယ်။ ကျွန်တော်တို့ကမ္ဘာမှာက Onepiece ကာတွန်းထဲကလို World Government ဆိုတာမျိုးမရှိပါဘူး။ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးရှိပေမဲ့ အဲ့ဒီအဖွဲ့အစည်းတွေက အာဏာပိုင်အဖွဲ့သဘောမျိုး ဥပ ဒေတွေ သတ်မှတ်ပြဌာန်းပြီး နိုင်ငံတွေကို လိုက်နာဖို့ အမိန့်သတ်မှတ်လို့မရပါဘူး။ သဘောတူစာချုပ်တွေပဲ ချုပ်လို့ရပါတယ်။ ICJ က နိုင်ငံအချင်းချင်းအငြင်းပွားတဲ့အခါ၊ အပြန်အလှန်ချုပ်ဆိုထားတဲ့စာချုပ်တွေ၊ အငြင်းပွားနိုင်ငံတွေရဲ့ ဓလေ့ထုံးစံတွေ၊ အများညီအသုံးပြုနေတဲ့ ဥပဒေအခြေခံတွေနဲ့ စိစစ် ဆုံးဖြတ်လေ့ရှိပါတယ်။

နိုင်ငံတကာ ဥပ ဒေရဲ့ နောက်တစ်ပိုင်းကတော့ Private International Law ဖြစ်ပါတယ်။ ဒါကို Conflict of Laws လို့လည်း ခေါ်ပါတယ်။ တချို့သောအမှုတွေမှာ Foreign Elements လို့ခေါ်တဲ့အချက်တွေ ပါဝင်လာပြီး တခြားနိုင်ငံတစ်ခုရဲ့ ဥပဒေတွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်လာတဲ့အခါမှာ အသုံပြုလေ့ရှိတဲ့ Practice တွေဖြစ်ပါတယ်။ နိုင်ငံနှစ်ခုရဲ့ ဥပဒေမတူလို့ အမှုအခင်းတွေမှာ ဥပဒေချင်း ပဋိပက္ခဖြစ်တဲ့အခါ သုံးရတဲ့ ထုံးစံတွေကို ခေါ်တာပါ။

ဆိုတလိုတာက တခြားနိုင်ငံက တရားရုံးမှာ သွားပြီးတရားစွဲတဲ့အခါ ကိုယ်က မြန်မာနိုင်ငံကမို့လို့ ကိုယ့်နိုင်ငံဥပဒေ အဲ့ဒီနိုင်ငံမှာ တရားမဝင်ဘူးလို့ ယူဆဖို့ မလိုတာကို ပြောချင်တာပါ။ တရားရုံးတွေက လိုအပ်ရင် အခြားနိုင်ငံရဲ့ ဥပဒေကို အသိအမှတ်ပြုထည့်သွင်းစဉ်းစားရတာ ထုံးစံပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် Copyright ကို တခြားနိုင်ငံကတစ်ယောက်ယောက်က ချိုးဖောက်ရင် အဲ့ဒီလူကို အဲ့ဒီနိုင်ငံမှာ တရားသွားစွဲလို့ ရပါတယ် (ငွေကြေးလည်းတတ်နိုင်တယ်၊ လိုလည်းလိုအပ်တယ်ဆိုရင်ပေါ့)။ ကျွန် တော်တို့နိုင်ငံဥပ ဒေကို ထည့်သွင်းစဉ်းစားပြီး စီရင်ပေးပါလိမ့်မယ်။

ဒါကြောင့် လက်ရှိ Copyright က ကိုယ့်ရဲ့ဖန်တီးမှုကို အခြားနိုင်ငံကလူတစ်ဦးတစ်ယောက်က မချိုးဖောက်နိုင်အောင် ကာကွယ်မပေးနိုင်ဘူးဆိုရင်တောင်မှ၊ ချိုးဖောက်လာရင်  အရေးယူဆောင်ရွက်လို့ ရနိုင်စရာရှိတယ်လို့ဆိုချင်ပါတယ်။

Conclusion

ကျွန်တော်တို့ရဲ့ Digital Data တွေဖြစ်တဲ့ Digital Photo တွေ Digital Article တွေ Software တွေကို လက်ရှိ မြန်မာနိုင်ငံရဲ့ IP Laws တွေက လုံး၀အကာအကွယ်မပေးနိုင်ဘူးလို့ ပြောလာရင် သဘောမတူပါဘူး။ ခေတ်နောက်ကျနေတယ်ဆိုတာ မှန်ပေမဲ့ အတိုင်းအတာတစ်ခုထိ အကာအကွယ်ပေးနိုင်ပါတယ်။

Copyright ပိုင်ရှင်ဖြစ်ကြောင်း ရေးထိုးထားတဲ့ နာမည်ကိုကြည့်မယ်ဆိုရင် Digital ခေတ်မှာ အားလုံးက ပြုပြင်လို့ရနေတဲ့အတွက် ပြဿနာတွေ ရှိလာနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒီလိုပြဿနာတွေ ရှိနေပေမဲ့ အမေရိကလိုနိုင်ငံမျိုးမှာတောင် Software Copyright ဥပဒေတွေက နေ့ချင်းညချင်းပေါ်လာတာမဟုတ်ပါဘူး။ အစပိုင်းမှာ Software ကို စာပေဆိုင်ရာဖန်တီးမှုထဲမှာ ထည့်ပါတယ်။ အမှုတွေမှာ User Interface လောက်ကိုပဲကြည့်ပြီး ဆုံးဖြတ်တော့ မမျှတမှု တွေဖြစ်လာပါတယ်။ မကျေနပ်တော့ အယူခံတွေ အဆင့်ဆင့်တက်ကြပါတယ်။ အဲ့ဒီလိုမျိုး အမှုတွေအများကြီးဖြစ်ပြီးတော့မှ Software Copyright ကို Copyright Law ရဲ့ နောက်ဆက်တွဲ အနေနဲ့ ထည့်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

တရားသူကြီးတွေ၊ ရှေ့နေရှေ့ရပ်တွေရဲ့ Digital Data တွေအပေါ်မှာ နားလည်မှုပမာဏကလည်း အရေးကြီးမယ်ထင်ပါတယ်။ Microsoft နဲ့ Sun နဲ့ ပြဿနာဖြစ်တော့ အဲ့ဒီအမှုစီရင်မယ့်တရားသူကြီးတွေ ကွန်ပျူတာပြန်သင်ရတယ်လို့ ကြားဖူးပါတယ်။

တချို့ပြောနေကြတာရှိပါတယ်၊ IP Law တွေပေါ်လာရင် Windows ကို ဝယ်သုံးရတော့မယ်၊ ၀ယ်မသုံးရင် တရားစွဲခံရမယ်လို့ ပြောနေကြပါတယ်။ ဒါ မမှန်ပါဘူး။ တရားစွဲလည်း သူတို့အတွက် အကျိုးမရှိလို့ လာပြီးတရားမစွဲတာပါ။ ဂျော်နီဝါးကားရဲ့ အမှုတစ်ခုကို စီရင်ထုံးဖွဲ့ထားတာရှိပါတယ်။ ဂျော်နီဝါးကားတံဆိပ်နဲ့ လျက်ဆားထုတ်ရောင်းနေလို့ မြန်မာနိုင်ငံကိုလာပြီး တရားစွဲတာပါ။ TRIPs Agreement က သတ်မှတ်ထားတဲ့ စံနဲ့ညီတဲ့ IP Law တွေထွက်လာမှမဟုတ်ပါဘူး၊ တရားစွဲချင်ရင် Microsoft က အခုလာစွဲလို့ရပါတယ်။

ဆိုလိုတာက Digital Data နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ထိုင်စောင့်ပြီးတော့မှ အလုပ်လုပ်တော့မယ်ဆိုရင်မဟုတ်သေးပါဘူး။ အခုရှိနေတဲ့ဥပဒေတွေနဲ့ ရနိုင်တဲ့ကာကွယ်မှုတွေကို ယူထားလို့ရပါတယ်။ လက်ရှိ ဥပဒေတွေကလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တယ်ဆိုတာကို သိစေချင်ပါတယ်။

ကွန်ပျူတာနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေလည်း ရှိပြီးဖြစ်လို့ Software Copyright လိုပြဿနာတွေ ကြုံလာခဲ့ရင် ကြားဝင်ညှိနှိုင်းပေးနိုင်မယ်လို့ ထင်ပါတယ်။ စာပေတို့ ရုပ်ရှင်တို့နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက လုပ်ပေးနေသလိုမျိုးပေါ့။ ကွန်ပျူတာအသင်းတွေအနေနဲ့ အဲ့ဒီလိုညှိနှိုင်းပေးဖို့ (သို့မဟုတ်) သက်ဆိုင်ရာ ပါလီမန်အမတ်တွေနဲ့ တရားရေးဆိုင်ရာပုဂ္ဂိုလ်တွေကို နည်းပညာဆိုင်ရာအကြံပေးဖို့ အစီအစဉ်ရှိမရှိတော့ ကျွန်တော်လည်း မသိပါဘူး။ ရှိရင်တော့ ကောင်းမယ်လို့ပြောရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။

 

အိမောင် (၁၂ရက် စက်တင်ဘာလ ၂၀၁၁)

ps: Copyright ပိုင်ရှင်ဖြစ်ကြောင်း သိသာစေရန် နာမည်နှင့်ရက်စွဲ တပ်လိုက်ပါသည်။ :D

 

References:

  • Law 3110 – Business Law II (UDE)
  • Law 3104 – Conflict of Laws (UDE)
  • Law 3102 – Public International Law I (UDE)