Don’t Get Confuse With Open Source, Ever Again

ဈေးကွက်စီးပွားရေးစနစ် ဆိုတဲ့ အသုံးအနှုံးကို တစ်ကူးတစ်က ပြောနေကြတာ အတော်ကြာပါပြီ။ မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်နေတယ်လို့ ဆိုကြပါတယ်။ အကောင်အထည်ဖော်နေတယ်ဆိုတော့ လောလောဆယ် ပီပီပြင်ပြင် မအောင်မြင်သေးဘူးဆိုတဲ့ သဘောလည်း ဖြစ်မယ်ထင်ပါတယ်။ စီးပွားရေးဆိုင်ရာ အိုင်ဒီယော်လော်ဂျီ (Economic Ideology) တွေကို  ဒီလောက် စိတ်မဝင်စားလှပေမယ့် အကြမ်းဖျင်း နားလည်သိရှိထားတဲ့ အချက်ကလေးတွေတော့ ရှိပါတယ်။

ဈေးကွက်စီးပွားရေးစနစ် ဆိုတာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုံးကို တစ်ဦးတစ်ယောက်က သတ်မှတ်ပေးထားတာမျိုးမဟုတ်ပဲ ဈေးကွက်ကပဲ အလိုအလျှောက် သတ်မှတ်သွားတဲ့ စီးပွားရေးစနစ်ကို ဆိုလိုတာဖြစ်ပါတယ်။

အထက်တန်းပညာရေးလောက် လေ့လာဖူးသူတိုင်း ရောင်းလိုအားနဲ့ ဝယ်လိုအားရဲ့ သဘောကို သိထားကြပါတယ်။ ကုန်ပစ္စည်းတစ်ခု ဈေးသက်သာတဲ့အခါ ဝယ်လိုအားက တက်လာပါတယ်။ ဝယ်လိုအားတက်လာတဲ့အခါ ဈေးကလည်းလိုက်တက်လာပါတယ်။ ဈေးတက်လာတော့ ဝယ်လိုအားက ပြန်ကျသွားပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဈေးနှုန်းတစ်ခုကိုရောက်တဲ့အခါမှာတော့ ရောင်းလိုအားနဲ့ ဝယ်လိုအားကို အားမျှခြေ (Equilibrium) ဖြစ်နေစေမယ့် အနေအထားတစ်ရပ်ကို ရရှိပါတယ်။ Adam Smith ကတော့ အဲ့ဒီလိုဈေးနှုံးကို အလိုအလျှောက်ချိန်ညှိပေးတဲ့သဘောတရားကို မမြင်ရတဲ့လက် (Invisible Hand) လို့ ခေါ်ခဲ့ပါတယ်။ စီးပွားရေးပညာနဲ့ အိုင်ဒီယော်လော်ဂျီကို စိတ်ဝင်စားသူတွေ အပြောများတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ အဲ့ဒီလို ဈေးနှုံးကို ဈေးကွက်က အလိုအလျှောက် သတ်မှတ်သွားတဲ့ စနစ်ကို ဈေးကွက်စီးပွားရေးစနစ်လို့ ခေါ်တာပါ။

ဈေးကွက်ပုံသဏ္ဍာန်အမျိုးမျိုးရှိပါတယ်။ အဲ့ဒီထဲက အဓိကကျတဲ့နှစ်မျိုးကတော့ Monopolistic competition နဲ့ Perfect Competition ဖြစ်ပါတယ်။

Monopolistic competition ဆိုတာ လုပ်ငန်းတစ်ခု (သို့မဟုတ်) တစ်ဦးတစ်ယောက်က ဈေးနှုံးကို သူသတ်မှတ်ချင်သလို သတ်မှတ်လို့ရနိုင်လောက်အောင် ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့ အခြေအနေဖြစ်နေရင် Monopolistic competition လို့ခေါ်ပါတယ်။

ဥပမာ Microsoft Windows ဆိုရင် Desktop Operating System ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့ OS တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီအတွက် Windows OS ရဲ့ ဈေးနှုံးကို Microsoft က ကြိုက်သလို သတ်မှတ်နိုင်တဲ့သဘောမှာ ရှိပါတယ်။ ကြိုက်သလိုသတ်မှတ်လို့ရတယ်ဆိုပေမယ့် Windows 7 Copy တစ်ခုကို ဒေါ် လာ (၁၀၀၀၀) လောက်နဲ့ ရောင်းမယ်ဆိုရင်တော့ ဝယ်သုံးနိုင်တဲ့လူ တော်တော်ကြီးကို နည်းသွားမှာပါ။ ဒါကြောင့် လူအများက များများဝယ်သုံးအောင် ဈေးကိုတော့ သက်သက်သာသာ သတ်မှတ်ထားပါတယ်။ ဘယ်လောက်ပဲ သက်သာအောင် သတ်မှတ်ထားထား အဲ့ဒီဈေးနှုန်းဟာ ဈေးကွက်ကအလိုအလျှောက် သတ်မှတ်သွားတဲ့ ဈေးနှုံးတော့ မဟုတ်ပါဘူး။ ဒီလောက်ဈေးနဲ့ရောင်းရင်တော့ လူးများများဝယ်သုံးလို့ ပိုကိုက်နိုင်တယ်လို့ တွက်ချက်ပြီး သတ်မှတ်ထားတဲ့ ဈေးနှုံးပါ။ ပြီးတော့ ပိုပြီးတွက်ခြေကိုက်အောင် Windows 7 Home က ဈေးတစ်မျိုး၊ Home Premium ကဈေးတစ်မျိုး၊ Ultimate ကဈေးတစ်မျိုး စသဖြင့်သတ်မှတ်ပြီး Price Discrimination လည်း လုပ်ထားပါသေးတယ်။ Price Discrimination ဆိုတာ ထုပ်လုပ်မှုကုန်ကျစရိတ်မကွာပဲနဲ့ ရောင်းဈေးကို ခွဲခြားသတ်မှတ်တဲ့ စနစ်ကို ခေါ်တာဖြစ်ပါတယ်။ ဈေးကွက်က သူ့လက်ထဲမှာဆိုတော့  ငွေများများရအောင် စိတ်ကြိုက်နည်းလမ်းအမျိုးမျိုး သုံးနေနိုင်တာပေါ့။

Monopolistic competition မှာ ဈေးကွက်ကို လက်ဝက်ကြီးအုပ်ထားနိုင်သူကို Price Maker လို့ခေါ်ပါတယ်။ ဈေးနှုံးဆိုတာကို သူက သတ်မှတ်ထားတာမို့လို့ပါ။ Monopolistic competition ထက်ပိုဆိုးတဲ့ Pure Monopoly ဆိုတာ ရှိပါသေးတယ်။

နောက်ထပ်ဈေးကွက်ပုံစံတစ်မျိုးကို Perfect Competition လို့ခေါ်ပါတယ်။ ဒီဈေးကွက်ပုံစံမှာတော့ လုပ်ငန်းတစ်ခု (သို့မဟုတ်) တစ်ဦးတစ်ယောက်က ဈေးနှုံးကို သတ်မှတ်နိုင်ခြင်းမရှိပဲ၊ ဈေးကွက်က ဈေးနှုံးကို အလိုအလျှောက် သတ်မှတ်သွားတဲ့ အခြေအနေကို ခေါ်တာပါ။ Perfect Competition မှာ ပါဝင်တဲ့ လုပ်ငန်းတွေကို Price Taker လို့ခေါ်ပါတယ်။ ဈေးကွက်က သတ်မှတ်တဲ့ ဈေးအတိုင်းပဲ မိမိတို့ ကုန်စည်နဲ့ ဝန်ဆောင်မှု့တွေကို ဈေးနှုန်းသတ်မှတ် ရောင်းချရတဲ့သဘော ရှိပါတယ်။

Perfect Competition ဆိုတဲ့ ဈေးကွက်စနစ်ပုံစံဟာ အကောင်းဆုံးဖြစ်ပါတယ်။ Perfect Competition ဈေးကွက်ထဲမှာ အမြတ်များများရလိုရင် မိမိပြိုင်ဘက်တွေရဲ့ ထုပ်ကုန်ထက် ပိုကောင်းတဲ့ ထုပ်ကုန်တွေ ထုပ်လုပ်နိုင်ရပါမယ်။ ပိုကောင်းမှ ဈေးပိုရမှာပါ။ ပိုကောင်းမှ များများရောင်းရမှာပါ။ ဒါကြောင့် ဒီဈေးကွက်ထဲမှာ တစ်ဦးနဲ့ တစ်ဦး သူ့ထက်သူသာတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ထုပ်လုပ်နိုင်အောင် အမြုယှဉ်ပြိင်နေရတဲ့သဘော ရှိပါတယ်။ ဒီလို ပြိုင်ဆိုင်နေကြတဲ့အတွက် ကြောင့်လည်း ကုန်စည်နဲ့ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးက အမြဲမပြတ် တိုးတက်နေတာဖြစ်ပါတယ်။ ပြီးတော့ ပြိုင်ဆိုင်မှုတွေက ထုပ်လုပ်သူတွေကို ဝယ်သူနဲ့ ဈေးကွက်ရဲ့ အမှန်တစ်ကယ်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ၊ ကြိုးစားထုပ်လုပ်ဖို့လည်း တွန်းအားပေးပါတယ်။ ဒါကို Competitive Advantages လို့ခေါ်ပြီး အဲ့ဒီ ယှဉ်ပြိုင်မှုအကျိုးရလဒ်ကပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးပြည့်စုံတဲ့ Perfect Competition ဈေးကွက်စနစ်ဆိုတာ မရှိပါဘူး။ ဈေးကွက်တစ်ခုရယ်လို့ဖြစ်လာရင် လုပ်ငန်းတစ်ခု (သို့မဟုတ်) နှစ်ခုခန့်က အင်အားကြီးမားလာပြီး Monopolists ပုံစံတွေ၊ Duopolists ပုံစံတွေ ပေါ်ပေါက်လာလေ့ရှိတာပါပဲ။

အမှန်တော့ ဒါတွေအားလုံးက လူတိုင်းသိထားပြီးသား ကိစ္စတွေပါ။ အဲ့ဒီလို Competition ရဲ့အရေးပါမှုကို လူတိုင်းသိရှိလက်ခံထားကြလို့လဲ နည်းပညာနယ်ပယ် နဲ့ Software ဈေးကွက်မှာ လူပြောများနေတဲ့ Open Source ဆိုတဲ့ သဘောတရားကို နားလည်ရခက်နေကြတာ ဖြစ်ပါတယ်။ Software ထုပ်ကုန်တွေကို အလကားပေးနေတာလို့ လွယ်လွယ်နည်းလည်ထားကြတဲ့ Open Source ကို အသုံးပြုသူ End-User တွေကတော့ ကြိုက်ကြပါတယ်။ Software တွေ အလကားသုံးလို့ ရနေတာကိုး။ ဒါပေမယ့် Software ထုပ်လုပ်သူတွေကတော့ “ဒီ Open Source လို့ခေါ်တဲ့ အလကားပေးနေတယ်ဆိုတဲ့သဘောဟာ၊ သက်သက် ဈေးကွက်ကိုဖျက်နေတဲ့၊ အဓိပ္ပါယ်မရှိတဲ့ ကိစ္စပဲ” လို့ ယူဆကြလေ့ ရှိပါတယ်။

Microsoft ရဲ့ Executive တစ်ယောက်ဖြစ်တဲ့ Craig Mundie က အခုလို ပြောခဲ့ဖူးပါတယ် -

“We fundamentally believe in a commercial software industry, and some variants of the open-source model attack the economic model that allows companies to build businesses in software. The virtuous cycle of innovation, reward, reinvestment, and more innovation is what has driven all big breakthroughs in our industry. [...]“

လိုရင်းကတော့ Open Source က Software ဈေးကွက်ကို ဖျက်နေတာလို့ ဆိုထားတဲ့ အဓိပ္ပါယ်ပါပဲ။

Open Source ရဲ့ မူလခံယူချက်သဘောတရားကို ကောင်းကောင်းသိသူ နည်းပါတယ်။ Software တွေကို အခမဲ့အသုံးပြုခွင့်ပေးယုံသာမက အသုံးပြုထားတဲ့နည်းပညာ Source Code ကိုပါ ဖော်ပြပေးနေတဲ့သဘောလို့ အကြမ်းဖျင်းနားလည်ထားကြတာ များပါတယ်။ အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမားကတောင်မှ Sun Microsystem ရဲ့ အမှုဆောင်အရာရှိ (ဟောင်း) Scott McNealy ကို Open Source ဆိုတာဘာလဲ၊ ဘာကြောင့် အရေးပါရတာလဲလို့ မေးခဲ့ရဖူးပါတယ်။ Scott McNealy က ၂၀၀၉ ခုနှစ်တုန်းက သမ္မတကြီးအတွက် White Paper တစ်စောင်ရေးပြီး တင်ပြခဲ့ရတယ်လို့ သိရပါတယ်။

IBM, Oracle, HP အစရှိတဲ့ နည်းပညာနဲ့ ကမ္ဘာ့စီးပွားရေးကို ဦးဆောင်နေသူတွေက Open Source မှာ ဒေါ်လာသန်းချီ ရင်းနှီးမြှုတ် နှံနေကြပါတယ်။ ဒါ ဘာကြောင့်လဲ? အဲ့ဒီ လုပ်ငန်းကြီးတွေက စေတနာကောင်းရှိလွန်းပြီး အများအကျိုးပြုလုပ်ချင်လွန်းလို့ ဒီလိုရင်းနှီးမြှုတ်နှံပြီး ရလာတဲ့ ရလဒ်တွေကို Open Source အနေနဲ့ ပေးနေတာတော့ မဟုတ်လောက်ပါဘူး။ Adam Smith က စက်မှုခေတ်ပြောင်းတော်လှန်ရေးကြီးကို ဖြစ်ပေါ်စေခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “The Wealth of Nation” ထဲမှာ အခုလို ပြောထားခဲ့ဖူးပါတယ်။

“It is not from the benevolence of the butcher, the brewer, or the baker that we expect our dinner, but from their regard to their own interest.”

စာဖိုမှုးက ကျွန်တော်တို့စားမယ့်ညစာကို အကောင်းဆုံးဖြစ်အောင် သူတက်နိုင်သလောက် စီစဉ်ပေးနေတာက သူ့မှာစေတနာကောင်းရှိယုံသက်သက်ကြောင့် မဟုတ်ပါဘူး။ အမှန်တော့ သူ့အကျိုးအတွက် ကျွန်တော်ရဲ့ ညစာကို အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးနေတာပါ။ ဒီသဘောတရားအား အရင်းရှင်စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်အတွက် အတော်အရေးပါတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ IBM တို့ Open Source မှာ ရင်းနှီးမြှုတ်နှံနေတာလည်း ဒီသဘောပါပဲ။ သူတို့မှာ အကျိုးအမြတ်ရနိုင်တဲ့ ခိုင်မာတဲ့ Business Strategy တွေရှိလို့သာ Open Source မှာ ရင်းနှီးမြှုတ်နှံနေကြတာပါ။

Open Source ရဲ့ ဖြစ်ပေါ်လာပုံအကြောင်းကို ဆက်လက်ဖော်ပြပါမယ်။

History

ကွန်ပျူတာနည်းပညာခေတ်ဦးပိုင်းဖြစ်တဲ့ ၁၉၅၀ ကနေ ၁၉၇၅ အထိကာလတွေက Software ဆိုတာ ပိုက်ဆံပေးပြီး ဝယ်သုံးရတဲ့အရာတစ်ခု မဟုတ်ပါဘူး။ ကွန်ပျူတာဆိုတာလည်း ကနေ့ခေတ်လို အများသုံး မဟုတ်သေးပါဘူး။ ပညာရှင်နဲ့ စီးပွားလုပ်ငန်း အနည်းစု ကသာ အသုံးပြုနေကြတာပါ။ Software တွေကို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဝေမျှအသုံးပြုကြတဲ့ အလေ့အထရှိပါတယ်။ ပြီးတော့ Software ဆိုတာသီးခြားလည်း သိပ်မရှိပါဘူး၊ ကွန်ပျူတာ ထုပ်လုပ်သူများကလည်း ကွန်ပျူတာနဲ့ တစ်တွဲတည်း ထည့်သွင်းရောင်းချတဲ့ အရာတစ်ခုသာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Software ဈေးကွက်ဆိုတာ မရှိသေးပါဘူး။

ဒါပေမယ့် ၁၉၇၀ ကျော် ကာလတွေကစပြီး Software ထုပ်လုပ်ရောင်းချသူတွေ စတင်ပေါ်ပေါက်လာပါတယ်။ အဲ့ဒီလို သီးခြားရောင်းချတဲ့ Software တွေက ကွန်ပျူတာထဲမှာ တစ်ပါတည်း ထည့်သွင်းပေးထားတဲ့ Bundle Software တွေကို ပြိုင်ဆိုင်လာခဲ့ကြပါတယ်။ ကွန်ပျူတာ Software တွေရဲ့ ဈေးနှုံးကလည်း အလျှင်အမြန် တက်လာခဲ့ပါတယ်။ အသုံးပြုသူက Software ကို ပြုပြင်လို့မရအောင် ကာကွယ်တဲ့ နည်းစနစ်တွေလည်း တီထွင်ဖန်တီးလာခဲ့ကြပါတယ်။

မူပိုင်ခွင့်ဥပဒေတွေထဲမှာလည်း ကွန်ပျူတာ Software နဲ့သက်ဆိုင်တဲ့ Section တွေကို ၁၉၈၀ ဝန်းကျင်မှာ ထည့်သွင်းတိုးချဲ့လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ကွန်ပျူတာ Software တွေကို လွပ်လပ်စွာ အပြန်အလှန်ဝေမျှခဲ့တဲ့ အလေ့အထ အနည်းငယ်သာ ကျန်ရှိတော့ပြီး၊ မူပိုင်ခွင့်ဥပဒေရဲ့အကာအကွယ်နဲ့ ကူးယူခြင်း၊ ပြင်ဆင်ခြင်းတွေကို ကန့်သတ်ထားတဲ့ စီးပွားရေးဈေးကွက်တစ်ခုအနေနဲ့ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီအပြောင်းအလဲဟာ နည်းပညာသမားတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ယခင်က Software နည်းပညာအသစ်တွေကို လွပ်လွပ်လပ်လပ် လေ့လာတီထွင်ခဲ့ကြရာကနေ လိုင်စင်တွေရဲ့ ကန့်သတ်ချက်ကြောင့် Software တွေကို လွပ်လပ်စွာ လေ့လာခွင့်၊ ပြင်ဆင်ခွင့် မရှိတော့တဲ့ အနေအထားတစ်ရပ် ဖြစ်သွားပါတယ်။

Free Software Movement

၁၉၈၃ ခုနှစ်မှာ၊ Software တွေကို လွပ်လပ်စွာပြင်ဆင်ခွင့်၊ လေ့လာခွင့်တွေရရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ GNU Project ဆိုတဲ့ စီမံကိန်းကို Richard Stallman ဆိုသူက စတင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က Richard Stallman ဟာ MIT တက္ကသိုယ်ရဲ့ Artificial Intelligence Laboratory မှာ သုတေသနပြုနေသူတစ်ဦးဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်မှာ Free Software Foundation (FSF) ဆိုတဲ့ အဖွဲ့အစည်းတစ်ရပ်ကို သူကပဲ စတင် တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီအဖွဲ့အစည်းအနေနဲ့ လွပ်လပ်စွာလေ့လာပြင်ဆင်ခွင့်ပေးထားတဲ့ ကွန်ပျူတာ Software တွေကို စတင်ရေးသား ဖန်တီးခဲ့ပါတယ်။ အဲ့ဒီ လှုပ်ရှားမှုတွေကို Free Software Movement လို့ခေါ်ပြီး ကနေ့ ကျွန်တော်တို့ပြောနေကြတဲ့ Open Source ရဲ့ မူလအစလည်း ဖြစ်ပါတယ်။ ဒါကြောင့် Open Source ရဲ့ နောက်ကွယ်က အဓိက တွန်းအား (Motivation) ဟာ ပညာရှင်များရဲ့ နည်းပညာကို လွပ်လပ်စွာ လေ့လာဖန်တီးလိုစိတ်ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။

Free Software Foundation က သတ်မှတ်ခဲ့တဲ့ Software လွပ်လပ်ခွင်မှာ အချက် (၄) ချက် ပါဝင်ပါတယ်။ ကွန်ပျူတာစနစ်တွေရဲ့ အစကဏာန်းဟာ သုညဖြစ်တဲ့အတွက် အဲ့ဒီအချက်တွေကို ဖော်ပြတဲ့အခါ သုည (၀) ကနေ စတင်ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ အချက်တွေကတော့ -

  • Freedom 0: The freedom to run the program for any purpose.
  • Freedom 1: The freedom to study how the program works, and change it to make it do what you wish.
  • Freedom 2: The freedom to redistribute copies so you can help your neighbor.
  • Freedom 3: The freedom to improve the program, and release your improvements (and modified versions in general) to the public, so that the whole community benefits.

Software Program တွေကို မည်သည့် ရည်ရွယ်ချက်အတွက်မဆို အသုံးပြုခွင့်ရှိတယ်။ လွပ်လပ်စွာ လေ့လာခွင့်၊ ပြင်ဆင်ခွင့် ရှိတယ်။ မူလ Software ပြန်လည်ဝေမျှပိုင်ခွင့် ရှိတယ်။ မိမိကိုယ်တိုင် ပြင်ဆင်ဖြည့်စွက်ထားချက်များကိုလည်း ပြန်လည် ဝေမျှခွင့်ရှိတယ် ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

သတ်မှတ်ချက်ထဲမှာ Source Code ကိုပါပေးရမယ်လို့တော့ မပါ ပါဘူး။ ဒါပေမယ့် Software Program ကို လေ့လာဖို့နဲ့ ပြင်ဆင်ဖို့ဆိုတာက Source Code မရှိပဲ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သတ်မှတ်ချက် (၀) နဲ့ (၃) ကို လိုက်နာနိုင်ဖို့အတွက် Source Code ကိုပါ လွပ်လွပ်လပ်လပ် လေ့လာခွင့်ပေးရမယ့်သဘော ဖြစ်သွားပါတယ်။

FSF ရဲ့ မူလရည်ရွယ်ချက်ကိုက Software တွေကို ရောင်းမစားကြဖို့နဲ့ အလကားပေးကြဖို့ မဟုတ်ပါဘူး။ လွပ်လပ်စွာ လေ့လာခွင့်၊ တစ်နည်းအားဖြင့် Software Freedom သည်သာလျှင် အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ FSF က Free ဆိုတဲ့ စကားလုံးကို Libre (လွပ်လပ်ခွင့်) ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း  သဘောတရားအမှန်ကို နားမလည်သူတွေက Free Software ဆိုတာကို ပိုက်ဆံပေးစရာမလိုပဲ အခမဲ့ရတဲ့ Software လို့ပဲ ထင်မြင်ယူဆလာကြပါတယ်။ ဒါကြောင့်လည်း FSF က သူတို့အသုံးပြုထားတဲ့ Free ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို “‘free’ as in ‘free speech’, not as in ‘free beer’” လို့ အဓိပ္ပါယ်သတ်မှတ် ဖော်ပြလာခဲ့ရပါတယ်။

Open Source Software

၁၉၉၇ ခုနှစ်မှာ Eric S. Raymond ဆိုသူက The Cathedral and the Bazaar ဆိုတဲ့ စာတမ်းတစ်စောင်ကို ရေးသားဖော်ပြခဲ့ပါတယ်။ FSF ရဲ့ အဓိကအယူအဆဖြစ်တဲ့ Software အားလုံးဟာ လွပ်လပ်စွာ လေ့လာခွင့်ရှိသင့်တယ် ဆိုတဲ့ အယူအဆဟာ ပြင်းထန်လွန်တယ်လို့ ဝေဖန်ထားပါတယ်။ Free Software ဆိုတဲ့ အသုံးအနှုံးဟာ ယေဘုံယျဆန်လွန်ပြီး နည်းပညာသမားမဟုတ်သူတွေအတွက် နားလည်ရခက်ခဲလွန်းတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။ Free Software ဆိုတဲ့အသုံးအနှုံးအစား Open Source Software ဆိုတဲ့ အသုံးအနှုံးကို ပြောင်းလဲအသုံးပြုကြဖို့ တိုက်တွန်းလာခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ အခြားသောအဖွဲ့အစည်းများကလည်း သူတို့ကိုယ်ပိုင် Free Software တွေမှာ ရှိသင့်တဲ့အချက်တွေကို သီးခြား သတ်မှတ်လာခဲ့ကြပါတယ်။ မူလ Free Software Foundation က သတ်မှတ်ချက်တွေနဲ့ များစွာကွာခြားလှခြင်းတော့ မရှိပါဘူး။ အဲ့ဒီထဲမှာ ထင်ရှားတာကတော့ ၁၉၉၈ ခုနှစ်မှာ ထုပ်ပြန်ခဲ့တဲ့ အချက် (၁၀) ချက်ပါတဲ့ Debian Open Source Software Definition ပဲ ဖြစ်ပါတယ်။

Open Source ဆိုတဲ့အသုံးအနှုံးကို ပထမဦးဆုံး ထိထိရောက်ရောက် အသုံးပြုခဲ့သူကတော့ Web နည်းပညာကို စတင်ခဲ့တဲ့ အဖွဲ့အစည်းတွေထဲမှာ ပါတယ်လို့ ပြောလို့ရတဲ့ Netscape ပဲဖြစ်ပါတယ်။ Netscape ဟာ အများနဲ့မတူနဲ့ စီးပွားရေးပုံစံစနစ် (Business Model) တစ်ခုဖန်တီးပြီး၊ Free Software ရဲ့ အတွေးအခေါ်သဘောတရားတွေကို စီးပွားရေးနယ်ပယ်မှာပါ အသုံးချဖို့ကြိုးစားနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်မှာ နည်းပညာသမားမဟုတ်သူ စီးပွားရေးသမားတွေအတွက် နားလည်ရခက်စေမယ့် Free Software ဆိုတဲ့အသုံးအနှုံးထက်၊ Open Source Software ဆိုတဲ့အသုံးအနှုံးက ပိုမိုထိရောက်နိုင်တယ်လို့ ယူဆတဲ့အတွက် ဒီအသုံးအနှုံးကို စတင် အသုံးပြုခဲ့တာဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ Bruce Perens, Tim O’Reilly, Linus Torvalds အစရှိတဲ့ နာမည်ကျော် ပုဂ္ဂိုလ်တွေလည်း Open Source ဆိုတဲ့အသုံးအနှုံးကို အသိအမှတ်ပြုလက်ခံလာကြပါတယ်။ မူလက Free Software လို့ အမည်ခံထားတဲ့ သူတို့ရဲ့ Software တွေကို Open Source Software လို့ ပြောင်းလဲ အမည်ခံခဲ့ပါတယ်။ ၁၉၉၈ ဖေဖော်ဝါရီလမှာတော့ Open Source Initiative (OSI) ဆိုတဲ့ အဖွဲအစည်းကို Eric Raymond နဲ့ Bruce Perens တို့ ပူးတွဲတည်ထောင်ခဲ့ပါတယ်။

ဒီနေရာမှာ Free Software ဆိုတာဟာ Software လွပ်လပ်ခွင့်ဆိုတဲ့ ခံယူချက်ပိုင်းကို အဓိကထားပြီး Open Source Software တွေကတော့ Commercial Interest လည်း ပါတယ်လို့ အကြမ်းဖျင်းအားဖြင့် သတ်မှတ်နိုင်ပါတယ် (စာရေးသူ၏ သုံးသပ်ချက်သာဖြစ်သည်၊ အထောက်အထား အတိအကျမရှိပါ)။

FOSS and FLOSS

Free Software နဲ့ Open Source Software ကိုပေါင်းပြီး Free and Open Source Software (FOSS) ဆိုတဲ့အသုံးအနှုံးကိုလည်း တစ်ချို့က သုံးကြပါသေးတယ်။ OSI ကို ဖွဲစည်းပြီး တစ်လအကြာလောက်ကတည်းက FOSS ဆိုတဲ့အသုံးအနှုံးကို စတင်အသုံးပြုနေခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စု Department of Defense ရဲ့ Free Software နဲ့ Open Source Software များ အသုံးပြုမှု အစီရင်ခံစာမှာလည်း FOSS လို့ပဲ သုံးနှုံးခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ European Commission (EC) က Free Software နဲ့ပက်သက်တဲ့ ရန်ပုံငွေမတည်မှုတစ်ခုအတွက် Free/Libre/Open Source Software ရဲ့ အတိုကောက်ဖြစ်တဲ့ FLOSS ဆိုတဲ့အသုံးအနှုံးကို အသုံးပြုခဲ့ပါတယ်။ Free Software လို့ပဲသုံးသင့်တယ်၊ Open Source Software လို့ပဲသုံးသင့်တယ် စတဲ့ ငြင်းခုံမှုများရှိနေတဲ့အတွက် အဲ့ဒီငြင်းခုံမှုတွေမှာ မပါဝင်လိုတဲ့အတွက် FLOSS လို့ သုံးခြင်းဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ၂၀၀၄ ခုနှစ်လောက်ရောက်တဲ့အခါမှာတော့ တောင်အာဖရိက၊ စပိန်၊ ဘရာဇီး စတဲ့နိုင်ငံတွေရဲ့ English လို မှတ်တမ်းတင်တဲ့ စာရွက်စာတမ်းတွေမှာပါ FLOSS ဆိုတဲ့အသုံးအနှုံးကို အသုံးပြုလာကြပါတယ်။

(ဒီ Article ထဲမှာတော့ Open Source လို့ပဲ ဆက်လက်သုံးနှုံး ဖော်ပြသွားပါမယ်)

Innovation and Quality of Open Source Software

စီးပွားရေးလုပ်ငန်းတွေရဲ့ နည်းပညာအသစ် တီထွင်ဖန်တီးမှုတွေဟာ အများအားဖြင့် စီမံကိန်းတွေနဲ့ စနစ်တစ်ကျ သွားကြလေ့ရှိပါတယ်။ Open Source Software တွေကို ဖန်တီးကြသူတွေကတော့ ကမ္ဘာအနှံ့က တက်ကြွတဲ့ Programmer တွေဖြစ်ကြပါတယ်။ သူတို့မှာ ပုံသေဖွဲ့စည်းပုံဆိုတာမျိုး မရှိပါဘူး။ ဒါကြောင့် Open Source Software တွေရဲ့ တီထွင်ဖန်းတီးနိုင်စွမ်းအားနဲ့ အရည်အသွေးကိုတော့ မေးခွန်းထုပ်မယ်ဆိုရင် ထုပ်စရာရှိပါတယ်။

ဒီနေရာမှာ Open Source Software တွေရဲ့ တည်ဆောက်မှုအဆင့်ဆင့် (Workflow, Development Cycle) ကို အသေးစိတ်တော့ ဖော်ပြနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အကြမ်းဖျင်းဖော်ပြရမယ်ဆိုရင်၊ တစ်ဦးတစ်ယောက်က Software ကို ဖန်တီးပြီး အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။ အများလေ့လာနိုင်အောင်လည်း Source Code ကို အလွယ်တစ်ကူ ရယူနိုင်အောင် ပေးထားပါတယ်။ အခြားသူတွေက အဲ့ဒီ Software ကို လက်တွေ့ အသုံးပြုကြပါတယ်။ အသုံးပြုရင်း အမှား (သို့မဟုတ်) အားနည်းချက်တွေ တွေ့လာတဲ့အခါ Source Code ရှိထားတဲ့အတွက် ကိုယ်တိုင် ပြုပြင်ပါတယ်။ ပြီးတော့ အဲ့ဒီ ပြုပြင်ထားပြီးသား Source Code ကိုလဲ အလွယ်တစ်ကူ ရယူနိုင်အောင် ပြန်ပေးကြပါတယ်။ ပြုပြင်ထားတဲ့ Source Code ကို မူလ ရေးသားသူနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပိုကောင်းအောင် လုပ်ကြသလို၊ အချို့ကလည်း သီးခြား Software တစ်ခုအနေနဲ့ Fork လုပ်ပြီး ရပ်တည်ကြတဲ့သဘာလည်း ရှိကြပါတယ်။ မူလ Software က တစ်ခုတည်းပေမယ့် အဲ့ဒီ Software ကို အခြေခံထားတဲ့ (ပိုကောင်း၊ ပိုပြည့်စုံပြီး ပုံစံမတူတဲ့) Open Source Software တွေက တစ်ခုထက်လည်း ပိုရှိနိုင်ပါတယ်။

ယှဉ်ပြိုင်မှုကြောင့် ထွက်ပေါ်လာတဲ့ တီထွင်ဖန်တီးမှု မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ထွက်ပေါ်လာတဲ့ တီထွင်ဖန်တီးမှုတွေဖြစ်ပါတယ်။

Open Source Software တွေရဲ့ အရည်အသွေးနဲ့ ပက်သက်ပြီး ကမ္ဘာကျော် “The World is Flat” ဆိုတဲ့စာအုပ်ထဲမှာ Thomas L. Friedman အခုလို ရေးသား ဖော်ပြခဲ့ပါတယ်။

“IBM was trying to sell its own proprietary Web server, called GO, but it gained only a tiny sliver of the market. Apache proved to be both a better technology and free. So IBM eventually decided that if it could not beat Apache, it should join Apache. The world’s biggest computer company decided that its engineers could not best the work of ad hoc open-source collection of geeks, so they threw out their own technology and decided to go with the geeks!”

IBM က GO လို့ခေါ်တဲ့ သူတို့ရဲ့ ကိုယ်ပိုင် Web Server တစ်ခုကို ထုပ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ Web Server ဟာ Open Source Software တစ်ခုဖြစ်တဲ့ Apache Web Server လောက် မကောင်းပါဘူး။ ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာကုမ္ပဏီတစ်ခုကအင်ဂျင် နီယာတွေ ဖန်တီးထားတဲ့ Software တစ်ခုက၊ ဖွဲ့စည်းပုံမရှိပဲ အများက ပူးပေါင်းဆောင်ရွက်ထားတဲ့ Open Source Software တစ်ခုထက် ပိုမကောင်းဘူးဆိုတာကို တွေ့ရပါတယ်။ Open Source Software တိုင်းက အမြဲတမ်းပိုကောင်းတယ်လို့ မဆိုလိုပေမယ့် ဒီအချက်က Open Source Software တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်း နဲ့ အရည်အသွေးကို သက်သေပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ IBM က သူတို့ကိုယ်တိုင် Apache Project မှာ ပူးပေါင်းပါဝင်ပါတော့တယ်။ ဒါဟာလည်း Open Source ရဲ့ နောက်ထပ် အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။

Thomas Friedman ကပဲ ဆက်ပြောထားပါသေးတယ် -

“This [open source] movement is not going way. Indeed, it may just be getting started – with a huge, growing appetite that could apply to many industries.”

ဒီ Open Source လှုပ်ရှားမှုဟာ အခုမှ အစပဲရှိပါသေးတယ်။ နောက်ပိုင်းမှာ Software ဈေးကွက်မှာသာမက အခြားသော လုပ်ငန်းနယ်ပယ်တွေမှာပါ Open Source ကဲ့သို့သော နည်းလမ်းတွေ ဖန်တီး အသုံးပြုလာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ အဲ့ဒီ Open Source Software တွေကြောင့်ပဲ ကနေ့ကမ္ဘာကြီးမှာ အင်တာနက်နဲ့ နည်းပညာတွေ အလျှင်အမြန် တိုးတက်ဖွံ့ဖြိုးလာရခြင်းဖြစ်ကြောင်းကိုလည်း အခုလို ဆက်လက်ဖော်ပြထားပါသေးတယ်။

“Open-source is an important flattener because it makes available for free many tools, from software to encyclopedias, that millions of people around the world would have had to buy in order to use. [...] Apache and Linux have each helped to drive down costs of computing and Internet usage in ways that are profoundly flattening.”

ယနေ့ ကမ္ဘာကြီးမှာ တိုးတက်မြင့်မားတဲ့နည်းပညာတွေနဲ့ အင်တာနက်ကြောင့် ကမ္ဘာရဲ့ မည်သည့်အရပ်ဒေသမှာပဲ နေထိုင်နေပါစေ၊ တူညီတဲ့ ယှဉ်ပြိုင်နိုင်မှုအခွင့်အရေးတွေကို ရနိုင်ကြပါတယ်။ ဒါကို ကမ္ဘာပြားမှုဖြစ်စဉ်လို့ ခေါ်ပါတယ်။ Open Source ဟာ အဲ့ဒီ ကမ္ဘာပြားမှုဖြစ်စဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Open Source ကြောင့် နည်းပညာကို လူတိုင်းက အသုံးချလာနိုင်ကြခြင်းဖြစ်ပါတယ်။ Apache Web Server နဲ့ Linux Operating System တို့နှစ်ခုရဲ့ အကူအညီနဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အသုံးပြုမှုစရိတ်ကို လျှော့ချနိုင်ခဲ့လို့လည်း အင်တာနက်ကို အခုလောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်လာကြတာဖြစ်ပါတယ်။

Open Source License

စီးပွားဖြစ်ထုပ်လုပ်ရောင်းချတဲ့ Software တွေမှာ EULA လို့ခေါ်တဲ့ End User License Agreement ဆိုတာ ရှိပါတယ်။ အဲ့ဒီ Software တွေကို ဝယ်ယူအသုံးပြုတဲ့ User တွေဟာ EULA မှာ ပါတဲ့ အချက်အလက်တွေကို သဘောတူရပါတယ်။ ပိုက်ဆံလည်းပေးရတယ်၊ လိုင်စင်ပါအချက်တွေကိုလည်း သဘောတူရတယ် ဆိုတဲ့သဘောပါ။ အများစုကတော့ အဲ့ဒီ License တွေကို ဖတ်တောင်မကြည့်ကြပဲ သဘောတူကြောင်း လက်မှတ်ထိုးပေးလိုက်တာပါပဲ။ Software EULA တွေမှာ ပါလေ့ရှိတဲ့ အချက်တွေကို အကြမ်းဖျင်းအားဖြင့် ရွေးထုပ်ဖော်ပြချင်ပါတယ်။

1. Do not criticize this product publicly.
၁. ဤ Software မကောင်းကြောင်းကို အများရှေ့တွင် မပြောရ။


2. Using this product means you will be monitored.

၂. ဒီ Software ကို အသုံးပြုခြင်းသည် သင့်၏လုပ်ဆောင်ချက်များအား [Software သို့ ကုမ္ပဏီက] စောင့်ကြည့်ခြင်းကို သဘောတူခြင်းပင်ဖြစ်သည်။


3. Do not reverse-engineer this product.

၃. Software တည်ဆောက်ထားပုံအား စူးစမ်းလေ့လာခြင်း မပြုရ။


4. Do not use this product with other vendors’ products.

၄. အခြား ကုမ္ပဏီထုပ် Software များ၊ ထုပ်ကုန်များနှင့် ပူးတွဲအသုံးပြုခြင်း မပြုရ။


5. By signing this contract, you also agree to every change in future versions of it.

၅. ဤလိုင်စင်ပါ သတ်မှတ်ချက်များကို အချိန်မရွေးပြုပြင်မည်ဖြစ်သည် သင်ကလည်း အဆိုပါပြုပြင်ခြင်းကို အလိုအလျှောက် သဘောတူပြီးဖြစ်သည်ဟု ယူဆရမည်။


6. We are not responsible if this product messes up your computer.

၆. ဤ Software ကြောင့် သင့်ကွန်ပျူတာပျက်လျှင် ကုမ္ပဏီမှ တာဝန်မယူကြောင်း သိရှိလက်ခံပြီးဖြစ်သည်။

မယုံရင် EULA တွေ ရှာဖတ်ကြည့်ပါ။ အများစုက ဒီသဘောပဲ ပြောထားကြတာကို တွေ့ရပါလိမ့်မယ်။ အမှန်တော့ Software လိုင်စင်တွေမှာမှ မဟုတ်ပါဘူး၊ အခြားသော ထုပ်ကုန်တွေမှာလည်း အလားတူ လိုင်စင်သတ်မှတ်ချက်တွေ ရှိ တက်ပါတယ်။ ဝယ်သူတွေက လိုင်စင်တွေကို အသေးစိတ်မဖတ်တော့တာ အကျင့်ဖြစ်နေလို့သာ မသိတာပါ။

Open Source Software တွေကိုလည်း၊ အသုံးပြုသူက အခမဲ့ တရားဝင် အသုံးပြုခြင်း ဖြစ်စေဖို့နဲ့ Source Code ကိုလေ့လာဖို့ တရားဝင် တောင်းဆိုနိုင်ခွင့်ရှိစေဖို့ လိုင်စင်တွေ သတ်မှတ်ပေးထားပါတယ်။ Open Source လိုင်စင် အမျိုးမျိုးရှိပါတယ်။ လိုင်စင်တစ်ခုချင်းစီအကြောင်းကိုတော့ စာသိပ်ရှည်နေလို့ ထည့်သွင်းမဖော်ပြတော့ပါဘူး။ အသုံးများတဲ့ လိုင်စင်တွေရဲ့ အဓိပ္ပါယ်အကျဉ်းကိုပဲ ဖော်ပြပေးပါမယ်။

1. GNU General Public License (GPL)

GPL လိုင်စင်ဖြင့် အခမဲ့အသုံးပြုခွင့်ပေးထားသော Software ကို မည်သူမဆို လွပ်လပ်စွာ အသုံးပြုခွင့်၊ ပြုပြင်ခွင့်၊ ပြန်လည်ဖြန့်ဝေခွင့် ရှိသည်။ ဤ Software အား ပြုပြင်မွန်းမံခဲ့လျှင် အဆိုပါ ပြုပြင်ထားသည့် Version အား GPL လိုင်စင်ဖြင့်ပင် ဆက်လက်သတ်မှတ်၍ အခမဲ့ အသုံးပြုခွင့်၊ ပြုပြင်ခွင့်၊ ပြန်လည် ဖြန့်ဝေခွင့် ပေးရမည်။ ဤ Software နှင့်ချိတ်ဆက်၍ ဖန်တီးထုပ်လုပ်ထားသော Software များအားလည်း GPL သို့မဟုတ် အလားတူလိုင်စင်ဖြင့် သတ်မှတ်၍ အခမဲ့ အသုံးပြုခွင့်၊ ပြုပြင်ခွင့်၊ ပြန်လည် ဖြန့်ဝေခွင့်ကို ပေးရမည်။

2. GNU Lesser General Public License (LGPL)

LGPL လိုင်စင်ဖြင့် အခမဲ့အသုံးပြုခွင့်ပေးထားသော Software ကို မည်သူမဆို လွပ်လပ်စွာ အသုံးပြုခွင့်၊ ပြုပြင်ခွင့်၊ ပြန်လည်ဖြန့်ဝေခွင့် ရှိသည်။ ဤ Software အား ပြုပြင်မွန်းမံခဲ့လျှင် အဆိုပါ ပြုပြင်ထားသည့် Version အား LGPL လိုင်စင်ဖြင့်ပင် ဆက်လက်သတ်မှတ်၍ အခမဲ့ အသုံးပြုခွင့်၊ ပြုပြင်ခွင့်၊ ပြန်လည် ဖြန့်ဝေခွင့် ပေးရမည်။ ဤ Software နှင့်ချိတ်ဆက်၍ ဖန်တီးထုပ်လုပ်ထားသော Software များအား ဤလိုင်စင် သက်ရောက်ရန်မလို။ နှစ်သက်ရာလိုင်စင် အသုံးပြုနိုင်သည်။

3. BSD License

BSD လိုင်စင်ဖြင့် အခမဲ့အသုံးပြုခွင့်ပေးထားသော Software ကို မည်သူမဆို လွပ်လပ်စွာ အသုံးပြုခွင့်၊ ပြုပြင်ခွင့်၊ ပြန်လည်ဖြန့်ဝေခွင့် ရှိသည်။ ဤ Software အား ပြုပြင်မွန်းမံခဲ့လျှင် အဆိုပါ ပြုပြင်ထားသည့် Version အား ဤလိုင်စင် ဆက်လက်သက်ရောက်ရန် မလို။ နှစ်သက်ရာလိုင်စင် အသုံးပြုနိုင်သည်။ မူလရေးသားသူ၏ အမည်ကို သင်၏ ပြုပြင်ထားသော Version အား Promote လုပ်ရန် (ခွင့်ပြုချက်မရလျှင်) အသုံးမပြုရ။

4. MIT License

MIT လိုင်စင်ဖြင့် အခမဲ့အသုံးပြုခွင့်ပေးထားသော Software ကို မည်သူမဆို လွပ်လပ်စွာ အသုံးပြုခွင့်၊ ပြုပြင်ခွင့်၊ ပြန်လည်ဖြန့်ဝေခွင့် ရှိသည်။ ဤ Software အား ပြုပြင်မွန်းမံခဲ့လျှင် အဆိုပါ ပြုပြင်ထားသည့် Version အား ဤလိုင်စင် ဆက်လက်သက်ရောက်ရန် မလို။ နှစ်သက်ရာလိုင်စင် အသုံးပြုနိုင်သည်။ မူလရေးသားသူ၏ အမည်ကို သင်၏ ပြုပြင်ထားသော Version အား Promote လုပ်ရန် အသုံးပြုခွင့် ပြုသည်။

5. Apache License

Apache လိုင်စင်ဖြင့် အခမဲ့အသုံးပြုခွင့်ပေးထားသော Software ကို မည်သူမဆို လွပ်လပ်စွာ အသုံးပြုခွင့်၊ ပြုပြင်ခွင့်၊ ပြန်လည်ဖြန့်ဝေခွင့် ရှိသည်။ ဤ Software အား ပြုပြင်မွန်းမံခဲ့လျှင် အဆိုပါ ပြုပြင်ထားသည့် Version အား ဤလိုင်စင် ဆက်လက်သက်ရောက်ရန် မလို။ နှစ်သက်ရာလိုင်စင် အသုံးပြုနိုင်သည်။ ဤ Software အား ပြုပြင်မွန်းမံခဲ့လျှင် ပြုပြင်သည့် File တိုင်းတွင် ပြုပြင်မှုနှင့်ပက်သက်သည့် အချက်အလက်များ၊ မူပိုင်ခွင့်ဆိုင်ရာအချက်အလက်များကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားရမည်။

Software များကို Open Source အဖြစ် တရားဝင်ဖြန့်ချီနိုင်စေဖို့ လိုင်စင်များကို ကိုယ်တိုင်ရေးနေဖို့မလိုအပ်ပါ။ ဖော်ပြပါလိုင်စင်များထဲက လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လိုင်စင်တစ်ခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Mozilla, Creative Common, CPAL အစရှိတဲ့ ထည့်သွင်းဖော်ပြမထားတဲ့ လိုင်စင်တွေလည်း ရှိပါသေးတယ်။ အားလုံး တစ်ခုမှ ကိုယ့်လိုအပ်ချက်နဲ့ မကိုက်ညီဘူးဆိုရင်လည်း လိုအပ်ချက်နဲ့ နီးစပ်တဲ့ လိုင်စင်တစ်ခုကို ရွေးချယ်ပြီး လိုသလို ပြုပြင်နိုင်ပါတယ် (ပြုပြင်မယ်ဆိုရင်တော့ ရှေ့နေတွေရဲ့ အကြံပြုချက်တွေ လိုအပ်နိုင်ပါတယ်)။ အခုဖော်ပြထားချက်များက ဥပဒေဆိုင်ရာအချက်အလက်များကို အကြမ်းဖျင်းနားလည်ရလွယ်စေရန် ဖော်ပြထားခြင်းသာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားနိုင်လို့ အသုံးပြုလိုတဲ့ လိုင်စင်ကို အသေးစိတ်ဖတ်ရှုဖို့ အကြံပြုလိုပါတယ်။

Open Source Business Model

မူလက Software လွတ်လပ်ခွင့်ကိုအဓိကထားခဲ့တဲ့ Open Source ဟာ နောက်ပိုင်းမှာ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရဖို့ ရည်ရွယ်ချက်တွေနဲ့ Business Model တွေဖန်တီးပြီး ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ အကျိုးအမြတ်ရအောင် လုပ်တာပါ။ Open Source လို အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ ထုပ်ကုန်တွေနဲ့ အမြတ်ရအောင် ဘယ်လိုရှာမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။

အထင်ရှားဆုံးနည်းလမ်းကတော့ Support ပေးတဲ့နည်းလမ်းဖြစ်ပါတယ်။ ဥပမာလေး တစ်ခုနဲ့ ကြည့်ချင်ပါတယ်။

အကယ်၍ တစ်ယောက်ယောက်က ပရိဘောဂပစ္စည်းတွေ လုပ်လို့ရအောင် ဖြတ်တောက်ထားတဲ့ သစ်သားချောင်းလေးတွေ အခမဲ့ပေးနေတယ်ဆိုပါစို့။ သင်အိမ်မှာလည်း ခုံတစ်လုံးလိုနေတယ်ဆိုရင် — အလကားရတဲ့ သစ်သားချောင်းတွေကိုယူပြီး ကိုယ်တိုင် ခုံတစ်လုံးဖြစ်အောင် ဖန်တီးမလား (ဒါမှမဟုတ်) ပိုက်ဆံအကုန်ခံပြီး ပရိဘောကဆိုင်ကနေ အဆင်သင့်သွားဝယ်မလား? အလုပ်ရှုပ်မခံပဲ ဆိုင်ကနေ အသင့်ဝယ်လိုက်ဖို့ များပါတယ်။

Open Source Software တွေက အရည်အသွေးအလွန်ကောင်းပြီး စနစ်တစ်ကျဖြတ်တောက်ထားတဲ့ သစ်သားချောင်းလေးတွေနဲ့ တူပါတယ်။ အဲ့ဒီ သစ်သားချောင်းတွေဟာ လက်သမားတစ်ယောက်ရဲ့ လက်ထဲမှာဆိုရင် အဖိုးတန် ပရိဘောကပစ္စည်းတွေ ဖြစ်သွားနိုင်ပေမယ့် လက်သမားမဟုတ်သူအတွက်တော့ ထင်းစိုက်ဖို့လောက်ပဲ အသုံးဝင်မှာပါ။ သင့်အိမ်မှာ အဲ့ဒီအလကားရတဲ့ သစ်သားချောင်းလေးတွေကို ဟိုနားဒီနား သင့်သလိုတော့ သုံးထားနိုင်ပါတယ်။ ဒါပေမယ့် တစ်ကယ့် အသုံးအဆောင်ပစ္စည်တွေအဖြစ်တော့ သုံးချင်မှသုံးမှာပါ။

တစ်ချို့ကတော့ ကုန်ကျစရိတ် သက်သာဖို့ရယ်၊ အရည်အသွေးကောင်းရဖို့ရယ်၊ ကိုယ်လိုချင်တဲ့ပုံစံကို အတိအကျရနိုင်ဖို့ရယ်၊ လက်သမားငှားပြီး အခမဲ့ရတဲ့ သစ်သားချောင်းလေးတွေနဲ့ လိုချင်တဲ့ ပရိဘောဂတွေ တပ်ဆင်စေတာမျိုး လုပ်ကြပါတယ်။ Open Source Software တွေကို Support ပေးပြီး ဝင်ငွေရှာတဲ့ Business Model ဆိုတာလည်း ဒီသဘောပဲဖြစ်ပါတယ်။ Red Hat ဟာ ဒီနည်းနဲ့ပဲ Multi-Millions ကုမ္ပဏီတစ်ခု ဖြစ်နေတာပါ။

Software ကို အခမဲ့ပေးပြီး အဲ့ဒီ Hardware ကို ရောင်းစားတဲ့ Model တစ်ခုလည်း ရှိပါသေးတယ်။ Mobile လောကမှာ ပိုတွေ့ရပါတယ်။ Android နဲ့ Symbian ဟာ Open Source Mobile OS တွေဖြစ်ပါတယ်။ Software ကို အခမဲ့ပေးပြီး အဲ့ဒီ Software ကိုပဲ Cloud Based Service အနေနဲ့ပေးတဲ့ လုပ်ငန်းပုံစံလည်း ရှိပါတယ်။ WordPress လို Service တွေက အဲ့ဒီနည်းကို သုံးပါတယ်။ Software ကို အခမဲ့ပေးပြီး လုပ်ငန်းသုံးအတွက် အထူးဖန်တီးထားတဲ့ Extension (Enterprise Modules) တွေကိုရောင်းတဲ့ ပုံစံတွေလည်း ရှိပါတယ်။ SugarCRM တို့ OpenBravo တို့လို လုပ်ငန်းသုံး Software တွေက ဒီနည်းသုံးကြပါတယ်။ Google တို့ Facebook တို့ကတော့ Service ကို အခမဲ့အသုံးပြုခွင့်ပေးပြီး ကြော်ငြာကနေ ဝင်ငွေပြန်ရှာကြပါတယ်။ ဒါလည်း နည်းလမ်းတစ်ခုပါပဲ။

IBM တို့ Sun (Oracle) တို့လို့ Open Source Software နဲ့ Proprietary Software တွေ ပူးတွဲထုပ်လုပ်သူတွေလည်း အများကြီးရှိပါတယ်။ အခြားသော Open Source အခြေပြု Business Model တွေ မျိုးစုံ ရှိပါသေးတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အဲ့ဒီ Business Model တွေအပေါ် စိတ်ဝင်စာမှု များပြားလာပြီး Open Source အခြေပြုလုပ်ငန်းတွေလည်း လက်ရှိမှာ အများကြီး ရှိနေပါတယ်။ Google တို့ Facebook တို့အနေနဲ့ ဒီလိုအခမဲ့အသုံးပြုခွင့်ပေးပြီးတော့ပဲ ဘီလီယံနဲ့ချီပြီး ဝင်ငွေရနေတာပါ။ နည်းပညာအားလုံးကို Open Source အနေနဲ့ မပေးထားပေမယ့်၊ သူတို့ ပေးထားတဲ့ Open Source နည်းပညာတွေအများကြီး ရှိပါတယ်။

IBM လို လုပ်ငန်းမျိုးက Open Source မှာ မီလီယံနဲ့ချီပြီး ရင်းနှီးမြှုတ်နှံရခြင်း အကြောင်းရင်းကို နာမည်ကျော် Joel Spolsky က ရှင်းပြထားတာတစ်ခု ရှိပါတယ်။ ကုန်စည်တစ်ခုဈေးကျရင် သူရဲ့ တွဲဘက်ကုန်စည်တွေ ဈေးတက်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဥပမာ ဆီဈေးကျရင် ကားဈေးတက်တဲ့သဘော ရှိပါတယ်။ ဒါတော့ လက်တွေ့ပါပဲ။ လူတွေကားဝယ်ကြပါတယ်။ စီးချင်လို့မဟုတ်ပါဘူး။ ဆီထုပ်ပြီးရောင်းစားချင်လို့ပါ။ :D ( အရင်တုန်းကပြောတာပါ၊ အခုတော့ မဟုတ်တော့ပါဘူး :D )

Software တွေ ဈေးကျရင်းလည်း သူရဲ့ တွဲဘက်ကုန်စည်ဖြစ်တဲ့ ဝန်ဆောင်မှုနဲ့ Hardware တွေ ဈေးတက်သွားတဲ့သဘောပဲလို့ Joel က ရှင်းပြပါတယ်။ ဒီသဘောကို အတိအကျတော့ လက်မခံချင်ပါဘူး။ ဒါပေမယ့် Software တွေ ဈေးသက်သာရင် အသုံးပြုသူလည်းများလာနိုင်ပါတယ်။ အသုံးပြုသူများလာခြင်းဟာ ဈေးကွက် ဖွံ့ဖြိုးကျယ်ပြန့်လာခြင်း ဖြစ်တယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါဟာ ကျွန်တော်တို့ ဒီလောက်ရှည်ရှည်ဝေးဝေးပြောပြီး Open Source အကြောင်းကို ရှင်းပြနေရခြင်း အကြောင်းရင်းလည်း ဖြစ်ပါတယ်။ Developer တွေကို Open Source Software Project တွေမှာ ပါဝင်စေချင်ပါတယ်။ Open Source Software တွေလည်း တိုးတက်များပြားလာစေချင်ပါတယ်။ လုပ်ငန်းတွေအနေနဲ့လည်း အဲ့ဒီ Software တွေအကြောင်းကို သိစေချင်ပါတယ်။ အဲ့ဒီ Open Source Software တွေကို အခြေခံပြီးတော့လဲ စီးပွားတွေ ဖြစ်စေချင်ပါတယ်။ ဒီနည်းနဲ့လည်း မြန်မာနိုင်ငံရဲ့ Software ဈေးကွက်က ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ ယုံကြည်မိပါတယ်။

Conclusion

၂၀၀၀ ခုနှစ်ကျော် ကာလများအထိ Open Source နဲ့ ပက်သက်ပြီး ဝေဖန်မှုတွေအများကြီး ရှိခဲ့ပေမယ့် အခုချိန်မှာတော့ အဲ့ဒီ ဝေဖန်မှုမျိုးတွေ လိုက်ရှာလို့တောင် မတွေ့ရတော့ပါဘူး။ Microsoft လို ကုမ္ပဏီမျိုးကအစ “We value openess as a company” လို့ ကြွေးကျော်ပြီး Open Source Project တွေ ဆောင်ရွက်လာနေပြီဖြစ်ပါတယ်။ Software ထုပ်လုပ်သူတွေကို ဘယ်သူကတော့ Proprietary Software ထုပ်လုပ်သူ၊ ဘယ်သူကတော့ Open Source Software ထုပ်လုပ်သူရယ်လို့လည်း ခွဲခြားလို့မရတော့ပါဘူး။ စီးပွားဖြစ် Software ထုပ်လုပ်သူတိုင်း Open Source မှာလည်း တွဲဖက်ပြီး ရင်းနှီးမြှတ်နှံနေကြလို့ပါ။ Open Source ဆိုတာ အခုဆိုရင် ရွေးချယ်စရာ Option တစ်ခုမဟုတ်တော့ပဲ အနာဂတ် Software လုပ်ငန်းတွေအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းသစ်တစ်ခု ဖြစ်နေပြီဖြစ်ပါတယ်။

Open Source Software တွေရဲ့ လွပ်လပ်စွာအသုံးပြုခွင့်၊ လေ့လာခွင့် နဲ့ ပြန်လည်ဝေမျှခွင့် ပေးရမယ်ဆိုတဲ့ အတွေးအခေါ်ကို လက်မခံလိုရင်တောင်မှ Coopetition သို့မဟုတ် Cooperative competition ဆိုတဲ့ သဘောတရားကိုတော့ လက်ခံလိုက်နာသင့်ပါတယ်။ ဒီအသုံးအနှုံးက နိုဘယ်ဆုရှင် John Nash ရဲ့ Game Theory နဲ့အတူ ပူးတွဲထင်ရှားလာတဲ့ အသုံးအနှုံးတစ်ခုဖြစ်ပါတယ်။ စီးပွားရေးရဲ့ထုံးစံအတိုင်း ပြိုင်ပါ၊ ပြိုင်မှလည်း ဖွံ့ဖြိုးတိုးတက်မှာပါ။ ဒါပေမယ့် ပြိုင်နေလို့ အကျိုးမထူးနိုင်တဲ့နေရာတွေမှာ အချိန်တွေ Energy တွေ အကုန်ခံပြီး ပြိုင်နေမယ့်အစား ပူးပေါင်းဆောင်ရွက်လိုက်မယ်ဆိုရင် အများအတွက်ရော၊ ကိုယ်တိုင်အတွက်ပါ အကျိုးရှိစေနိုင်မှာပဲဖြစ်ပါတယ်။ Software တွေ ထုပ်လုပ်ရောင်းချပြီး ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတွေဖြစ်နေတဲ့ Microsoft နဲ့ Apple ကလည်း ဒါကြောင့်ပဲ သူတို့ရဲ့ အချို့သော နည်းပညာတွေကို Open Source အနေနဲ့ ပေးထားရခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင် ဗျာ။

Numbers and Facts

  • ၂၀၁၁ ခုနှစ် မတ်လမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ Web Server ဈေးကွက်မှာ Open Source ဖြစ်တဲ့ Apache က ဈေးကွက်ဝေစု ၆၀.၃၁% ရရှိထားပြီး Microsoft IIS က ၁၉.၃၄% နဲ့ ဒုတိယလိုက်နေပါတယ်။ Microsoft က “Open Source Software တွေဟာ အခမဲ့ရပေမယ့် Total Cost of Ownership မှာ (support နဲ့ ကျွမ်းကျင်သူနည်းပါးမှုကြောင့်) ပိုပြီးတော့ ကုန်ကျစရိတ်များတယ်” လို့ ပြောနေလေ့ရှိပေမယ့် Web Server နဲ့ Server OS ဈေးကွက်မှာ Open Source တွေကသာ ဈေးကွက်ဝေစု အများစုကို ရယူထားတာ ဖြစ်ပါတယ်။
  • ၈၃% သော Server တွေမှာ Linux OS ကို အသုံးပြုထားပြီး Windows ကို Server OS အနေနဲ့ အသုံးပြုမှုက ၂၃% ပဲ ရှိပါတယ် (၂၀၀၆)။
  • မြောက်အမေရိက က ၁.၁ သန်းသော Developer တွေဟာ Open Source Software Project တွေမှာ လုပ်နေကြတယ်လို့လည်း သိရပါတယ် (၂၀၀၄)။
  • ၆၇% သော ကုမ္ပဏီတွေဟာ Open Source Software တွေကို အသုံးပြုကြပါတယ်။ ၁၆% ကတော့ မကြာခင်မှာ အသုံးပြုဖို့ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ၁၇% က တော့ သုံးဖို့အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ် (၂၀၀၄)။
  • ဂျပန် စီးပွားရေးလုပ်ငန်းတွေရဲ့ Open Source အသုံးပြုမှုဟာ ၂၀၀၁ ခုနှစ်က ၃၅.၅% သာရှိခဲ့ပေမယ့် ၂၀၀၂ ခုနှစ်ရောက်တဲ့အခါ ၆၄.၃% ထိ မြင့်တက်သွားခဲ့ပါတယ်။
  • ၄၆.၆% သော IT Professional တွေက သူတို့လုပ်ငန်းတွေအနေနဲ့ Open Source Software တွေကို Support ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ် (၂၀၀၁)။
  • ၄၁% သော Software Development Tool တွေဟာ Open Source တွေဖြစ်ကြပါတယ် (၂၀၀၃)။
  • Email server တွေထဲက လူသုံးအများဆုံးဖြစ်တဲ့ Sendmail နဲ့ Postfix ဟာ Open Source Software တွေဖြစ်ပါတယ် (၂၀၀၇)။
  • ၇၅%  သော DNS Server တွေဟာ Open Source Software တွေကို အသုံးပြုထားကြပါတယ် (၂၀၀၄)။
  • ၁၄% သော Enterprise တွေက OpenOffice.org ကို အသုံးပြုကြတယ်လို့ ဆိုပါတယ် (၂၀၀၄)။
  • ၆၄% သော လုပ်ငန်းတွေက Open Source Database တွေကို အသုံးပြုနေကြပါတယ် (၂၀၀၅)။
  • ၈၇% သော အဖွဲ့အစည်းတွေမှာ Open Source Software အမျိုးမျိုးကို အသုံးပြုနေကြပါတယ် (၂၀၀၅)။

 

 

REFERENCES: